ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 20 May 2014

ဖုန်းရောင်းမည့်စနစ်တွင် အသုံးပြုသူ၏ အချက်အလက်ရယူမှုကို လျှော့ချရန် MCF အကြံပြုသွားမည်


 
မောင်မန်း

ရန်ကုန်၊ မေ ၁၉

အော်ပရေတာများ မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချသွားမည့်စနစ်များနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြည်သူလူထုထံမှ အကြံပြုချက်များ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်(MCF) အနေဖြင့် ဖုန်းအသုံးပြုသူများ၏ အချက်အလက်များ ပေးသွင်းရမှုကို လိုအပ်ပါက လျှော့ချနိုင်ရန်အတွက် တင်ပြသွားမည်ဖြစ်သည်ဟု MCF၏ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

ဦးဇော်မင်းဦးက “ဆင်းမ်ကတ် ရောင်းချတဲ့နေရာမှာ အသုံးပြုသူတွေရဲ့ အချက်အလက်ပေးရတာ အရမ်း များတယ်။ ဒီလို အချက်အလက်ပေးရတဲ့ KNC (Key No: Customer) ကို လျှော့ချနိုင်ရင် လျှော့ချဖို့ အကြံ ပြုသွားဖို့ ရှိတယ်” ဟုဆိုသည်။

အကြံပြုချက်တင်သွင်းရမည့် နောက်ဆုံးရက် မေ ၁၉ ရက်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က အကြံပြုချက် တင်သွင်းရခြင်း မရှိသေးဟု ဦးဇော်မင်းဦးက ပြောသည်။ ၎င်းက “အကြံပြုချက်တင်သွင်းဖို့ နောက်ဆုံးရက်ကို ရောက်နေပေမယ့် မတင်ရသေးပါဘူး။ သူတို့ပေးတဲ့ အချိန်က တိုတောင်းနေတယ်။ KNC နဲ့ပတ်သက်ပြီး တင်သင့်၊ မတင်သင့်ကို လေ့လာနေပါတယ်။အကြံပြုချက် တင် သွင်းတဲ့ရက် မမီရင်တောင် လုပ်စရာရှိတာတွေတော့ လုပ်သွားပါမယ်” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ပြည်သူများဘက်သို့ အကြံပြုလွှာ ကောက်ခံခြင်းကို မေ လ ၅ ရက်မှ ၁၉ ရက် အထိ ကောက်ခံရန် သတ်မှတ်ထားပြီး အကြံပြုချက်များ တင်သွင်းမှု အခြေအနေနှင့် ပတ်သက်ပြီး အသေး စိတ်မသိရှိရသေးဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဆို သည်။

ဦးသန်းထွန်းအောင်က““အကြံပြုချက်တွေတော့ ရောက်နေပါတယ်။ ဘယ်လိုအချက်တွေ ဆိုတာကိုတော့ မသိရသေးဘူး။ ဒီနေ့နောက်ဆုံး အကြံပြုချက်တွေ ၀င်လာပြီးမှ စိစစ်ရမယ်” ဟု ဆိုသည်။ မိုဘိုင်းဖုန်းများ ရောင်းချမည့်စနစ်အပေါ် နိုင်ငံတကာစံနှုန်းများနှင့်ညှိနှိုင်းပြီး အသုံးပြုသူများ၏ အချက်အလက်များ ပေးသွင်း ရမှုလျှော့ချနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးဇော်မင်းဦးက ပြောသည်။

Mizzima Burmese 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...