ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Saturday 16 March 2019

"ဦးပေါ်ဦး ရဲ့ "အပရိဟာနိယ တရား ၇ ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ အားလုံးနဲ့သက်ဆိုင်

( အပရိဟာနိယ တရားများအကြောင်း )

"ပေါ်ဦး ရဲ့ "
"ဘုရား"
"မောင်မင်း လျှောက်တဲ့အထဲမှာ အပရိဟာနိယ တရား ၇-ပါး မပါသေးပါလားကွယ့်"

" မှန်လှပါ ၊အပရိဟာနိယ တရား၇ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ
အားလုံးနဲ့သက်ဆိုင်လို့အထူးတလည်
လျှောက်ထားရန် ရှိပါတယ် ဘုရား "

" အေး .... ပေါ်ဦးကို စကားစဖော်ပေးလိုက်ရင် ကြီးကြီးကျယ်ကျယ် ချည်းပဲ "

" မှန်လှပါ ၊ ပေါ်ဦးက ကြီးကျယ်ရတာ မဟုတ်ပါဘုရား ၊ ဂေါတမ မြတ်စွာဘုရားက
ကိုယ်တိုင်ဟောကြားတော်မူတဲ့တရား

တော်မို့ ကြီးကျယ်ရခြင်းပါ ဘုရား "

" ကဲ .... ဆက်ပြီး တင်လျှောက်စမ်းပါဦး "

" မှန်လှပါ  ၊ ဘိုးတော်ဘုရား မိန့်တော်မူတဲ့ ( အပရိဟာနိယ တရား၇-ပါး )မှာ
မြတ်စွာဘုရားက သုံးမျိုး သုံးစား ဟောကြားထားပါတယ်ဘုရား "
          မင်းနှင့်တကွ လူသားတို့အတွက် စည်းစိမ်ချမ်းသာ

တိုးတက်ပွားများကြောင်း ( ၇ )ပါးမှာ သတ္တဂုင်္တ္တရ ပါဠိတော်နဲ့ ပရိနိဗ္ဗာနသုတ်

အဋ္ဌကထာတို့မှာ ပါရှိတဲ့ အတိုင်းက .............
              ၁ ။ ဘုရား၌ ရိုသေခြင်း ၊
             
              ၂ ။ တရား၌ ရိုသေခြင်း ၊
             
               ၃ ။ သံဃာ၌ ရိုသေခြင်း ၊
             
              ၄ ။ မိမိ၏ ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း ၊ ကျင့်သုံးခြင်း
             
              ၅ ။ တည်ကြည်ခြင်း ၊ မိမိ သမာဓိကို ရိုသေခြင်း ၊
             
              ၆ ။ ကောင်းသော မိတ်ဆွေရှိခြင်း ၊
             
               ၇ ။ ပညာရှိ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို
                   နာယူလွယ်ခြင်းတို့ ဖြစ်ပါတယ်ဘုရား "
          " နောက်တစ်ဖန် ၀ဇ္ဇီမင်းတို့ကို အကြောင်းပြု၍ ဟောကြားသော
တိုင်းပြည်တိုးပွားရေး ( အပရိဟာနိယ တရား၇-ပါး ) ကို

မဟာပရိနိဗ္ဗာနသုတ်တော်တွင် ပါရှိသည့်အတိုင်းတင်လျှောက်ပါဦ
းမည် ။

မတင်လျှောက်မီ ဝေသာလီပြည်အကြောင်းနဲ့ လိစ္ဆ၀ီမင်းသားတို့အကြောင်း
တင်လျှောက်ပါရစေဦး ဘုရား "

" တင်လျှောက်စေ မောင်မင်း "
  
" ဝေသာလီပြည်ကြီးဟာ ၊ မြတ်စွာဘုရား လက်ထက်တော်အချိန်အခါမှာ
အလွန်စည်ကားသာယာတဲ့ တိုင်းပြည်ကြီးဖြစ်ပါတယ် ဘုရား ၊ မဟာပရိနိဗ္ဗာနသုတ်မှာ

မြတ်စွာဘုရားက ...  "ချစ်သား အာနန္ဒာ ၊ ဤ ဝေသာလီပြည်သည်ကား

အလွန်သာယာလှပေသည် ၊ ဤ ဝေသာလီဝန်းကျင်မှာ ရှိကြသည့် လူတို့အလေးအမြတ်ပြုရာ

နေရာများသည်လည်း စိတ်နှစ်သက်ဖွယ်ရာ ကောင်းလှပေသည် " လို့

ဝေသာလီပြည်ကြီးကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားပါတယ် ဘုရား ၊
ဒါက ဘုရားလက်ထက်တော်က ဝေသာလီပြည်ကြီးအကြောင်းပါ ဘုရား "
      " နောက်တစ်ခုမှာ ဝေသာလီပြည်က လိစ္ဆ၀ီ မင်းသားတွေ မြတ်စွာဘုရား

ဝေသာလီပြည်ကိုရောက်ရှိပြီး  အမ္ဗပါလိ သရက်ဥယျာဉ်မှာ သီတင်းသုံးတယ်လို့

ကြားလျှင်ပဲ လိစ္ဆ၀ီမင်းသားများဟာ  အကောင်းဆုံးသော အ၀တ်အစား အလှအပ

တန်ဆာဆင်ပြီး မြတ်စွာဘုရားထံ အဖူးအမြော်လာကြရာမှာ အဆင်တန်ဆာ လှပရုံသာမက စုပေါင်း လာကြရာမှာလည်း ခမ်းခမ်းနားနား ညီညီညွတ်ညွတ်နဲ့ လာနေကြတာကို  မမြင်ဖူးသေးတဲ့ ရဟန်းတော်တွေခေါ်ပြီး

" ချစ်သားတို့ ၊ ဟိုက လာနေကြတဲ့

လိစ္ဆ၀ီပရိသတ်ကို ရှုကြလော့ ၊ တာဝတိံသာ နတ်ပရိသတ်နှင့်တူစွတကား " လို့

မိန့်ကြားတော်မူဖူးပါတယ် ၊ အဲ့ဒီ ဝေသာလီပြည်ကြီးဟာ

အလွန်စည်းလုံးညီညွတ်ပြီး တိုင်းသူပြည်သားတို့ဟာလည်း တစ်ဦးကိုတစ်ဦး

အလွန်ကူညီကြလို့စည်ကားလှတဲ့ ဝေသာလီပြည်ကြီးအနီးအနား တိုင်းပြည်တွေက   မနာလိုကြဘူး  ၊ အင်အားကြီးတဲ့ နိုင်ငံတွေက စစ်တိုက်ကြသော်လည်း

ဝေသာလီပြည်ရဲ့ ညီညွတ်တဲ့ အင်အားကို မထိုးဖောက်နိုင်ပါ ဘုရား "
         " တစ်ချိန်မှာ အဇာတသတ်မင်းမှ မာဂဓအမတ်ကြီးကို မြတ်စွာဘုရားထံ

စေလွှတ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက် သင့် ၊ မသင့်အကြံတောင်း

လျှောက်ထားစေခဲ့ပါတယ် ။ မြတ်စွာဘုရားက လူမှုရေးကိစ္စပင်ဖြစ်ပေမယ့်

အကျိုးရှိမှာကို မြင်တော်မူတာနဲ့ မာဂဓအမတ်ကြီးကိုတော့ ဘာမှပြန်မဖြေပဲ

ညီတော် အာနန္ဒာဖက် လှည့်တော်မူပြီး မေးတော်မူတဲ့စကားက ( အပရိဟာနိယ
တရား၇-ပါး ) ဖြစ်တော်မူလာပါတယ် ဘုရား "
          " အင်း ...... ပေါ်ဦးစကားက အပရိဟာနိယတရား ရောက်မယ့်အရေး

လမ်းခင်းလိုက်ရတာ မောလို့ ........ "
        
" မှန်လှပါ ၊ သိသင့် သိထိုက်လို့ပါ ဘုရား "
        
" ကဲပါ .... မင်းစကားသာ ဆက်စမ်းပါ ၊ ငါ သိပါတယ်ပေါ်ဦးရာ "
        
" မှန်လှပါ ၊ ဝေသာလီပြည် ၀ဇ္ဇီမင်းတို့သည် .....
        
၁ ။ ညီညွတ်စွာ မပြတ်စည်းဝေး တိုင်ပင်ခြင်း ၊
        
၂ ။ အစည်းအဝေးသို့ တညီတညွတ်တည်း လာရောက်ကြပြီး

တစ်စုတစ်ရုံးတည်း                      ညီညွတ်စွာထပြန်ကြခြင်း ၊
       
 ၃ ။ ရှိပြီးသား စနစ်ဟောင်း ၊ နည်းကောင်းတို့ကိုမဖျက်မဆီး မိဘ
ဘိုးဘွား နည်းကျကျဆောင်ရွက်ကြခြင်း ၊
       
 ၄ ။ ရိုသေထိုက်သူများကို ရိုသေ၍ ၊ ဆိုဆုံးမစကားကို နာယူကြခြင်း ၊
        
၅ ။  အမျိုးသမီးများကို နိုင်ထက်ကလူ ဖျက်ဆီးပြုမှုများကင်းကြခြင်း ၊
        
၆ ။ လူထု ရိုသေလေးစားရင်းရှိသော  ဂါရ၀ပြုဌာနများကို  ပူဇော်မြဲ
ပူဇော်ခြင်း ၊
        
၇ ။ နိုင်ငံတော်အတွက် ကျေးဇူးရှိခဲ့သူများကို
ချီးမြှင့်မှုတွင် မလစ်လပ်စေခြင်း ၊
    
 စတဲ့ အချက်ကြီး ၇ ချက်ကို မြတ်စွာဘုရားက မေးတော်မူလို့

အရှင်အာနန္ဒာက လိစ္ဆ၀ီမင်းတို့မှာ ဤသို့သော အရည်အချင်း

လုပ်နည်းလုပ်ရပ်များနှင့် ပြည့်စုံကြောင်း ပြန်လည်လျှောက်ထားတဲ့အခါ

မြတ်စွာဘုရားက " ဤ အပရိဟာနိယတရား  ၇- ပါးနှင့်ပြည့်စုံလျှင်

လိစ္ဆ၀ီမင်းတို့သည် တက်လမ်းသာ ရှိ၏ ပျက်လမ်းမမြင် " ဟု အရှင်အာနန္ဒာအား

မိန့်ကြားတော်မူရာ မာဂဓအမတ်ကြီးကလည်း ကြားတွေ့သိမြင်သမျှ အဇာတသတ်မင်းအား

ပြန်လည်တင်လျှောက် လိုက်ပါတယ်ဘုရား ၊ ဤသည်က စပြီး အပရိဟာနိယတရား ၇-ပါးဟာ

မင်းနှင့်တကွ လူသားတိုင်းကျင့်ကြံအားထုတ်ရမယ်
့ တရားအဖြစ်
ထင်ရှားလာပါတော့တယ် ဘုရား "
   " အေး ..... အလွန်မှ မှတ်သားဖွယ်ကောင်းလှပေတယ် မောင်မင်း "

အမတ်ကြီး ဦးပေါ်ဦး-၏ ယမမင်းထံ အစစ်ခံ သံပေါက်


ဦးပေါ်ဦးကို ရွှေဘိုမြို့နယ်၌ မြန်မာနှစ် ၁၁၂၁-ခုနှစ်တွင် မွေးဖွားသည်။ ဘိုးတော်ဗဒုံမင်း အိမ်ရှေ့မင်းဖြစ်စဉ်က အိမ်တော်ပါ ငယ်ကျွန်ရင်းလည်း ဖြစ်၏။ ရှင်ဘုရင်နှင့် မိဖုရား လှေပြိုင်ပွဲ အရှုံးအနိုင်၊ ဧရာဝတီမြစ် ခုန်ကူးမည့် မင်းကွန်းက ခြင်္သေ့ကြီး၊ ဘုန်းတော်ကြောင့် ရေတိုးတာ မဟုတ်ဘဲ ရေရောင်တာပါဘုရား-စသည်ဖြင့် ဟာသ ဇဝနဉာဏ် ရွှင်ရွှင်ဖြင့် လျှောက်တင်ဖြေရှင်းနိုင်ခဲ့သူလည်း ဖြစ်ပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်၊ ဘကြီးတော်၊ သာယာဝတီမင်း သုံးဆက်တိုင်တိုင် ပညာရှိအမတ်ကြီးအဖြစ် ခစားထမ်းရွက်ခဲ့ပြီး မြန်မာနှစ် ၁၂၀၀-ပြည့်နှစ် အသက် ၈၀-နီးနီး အရွယ်ရောက်မှ ကွယ်လွန်ခဲ့သည်။ ဦးပေါ်ဦး ကွယ်လွန်ချိန် ဈာပနအခမ်းအနားတွင် သူ၏ကြိုတင်မှာကြားချက်အရ အလောင်းထည့်ရာမှာ လက်တဖက်ကို ခေါင်းပြင်ဘက်သို့ ထုတ်ထားခဲ့သည်။ အသက်ထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော စည်းစိမ်ဥစ္စာ ဂုဏ်ဒြပ် ဟူသမျှ သေရာသို့ ယူမသွားနိုင်၊ လက်ဗလာဖြင့်သာ သွားရကြောင်း လူအများသိစေလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ယခုတိုင် ပြောစမှတ်တွင်နေသော ဖြစ်ရပ်ပါ။



ယမမင်းထံ အစစ်ခံ သံပေါက်၏ မြစ်ဖျားခံရာမှာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဌိတော်များတွင်လာရှိသော ဒေဝဒူတသုတ် ဖြစ်ပါသည်။ ဒေဝဒူတ ဆိုသည်မှာ နတ်တမန်-ဟု အဓိပ္ပါယ်ရ၏။ ကလေးသူငယ်၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား-ဆိုသော နတ်တမန်သဖွယ် ပုဂ္ဂိုလ်ငါးဦးဖြင့် ယမမင်းကြီးက ငရဲသားအား မေးစိစစ်ပုံများကို ဖော်ပြထားသောသုတ် ဖြစ်ပါသည်။ ကျေးဇူးရှင် နိုင်ငံကျော် ဓမ္မကထိက အဂ္ဂမဟာပဏ္ဍိတ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ရေးဖွဲ့သော သံပေါက်လင်္ကာများကို ရှုပါ။

၁။ ရပ်ကြိုရပ်ကြား၊ လှည့်ပတ်သွား၊ ငါးပါးတမန်တော်၊
မြင်သူနည်းပါး၊ မမြင်များ၊ ထူးခြားလှပါသော်၊
မမြင်လေလား၊ မြင်လေလား၊ စဉ်းစားကြပါနော်။


၂။ ဟစ်အော်ဆုံးမ၊ တရားပြ၊ ငါးဝတမန်တော်၊
ကြားသူနည်းပါး၊ မကြားများ၊ ထူးခြားလှပါသော်၊
မကြားလေလား၊ ကြားလေလား၊ စဉ်းစားကြပါနော်။


၃။ ကလေးလေးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
ဇာတိလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 

၎။ သူအိုကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါအိုသလိုပဲ၊ သင်တို့လည်း၊ အိုမြဲဓမ္မတာ၊
မအိုခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အအိုလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၅။ သူနာကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါနာသလိုပဲ၊ သင်တို့လည်း၊ နာမြဲဓမ္မတာ၊
မနာခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အနာလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။

၆။ သူသေကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါသေသလိုပဲ၊ သင်တို့လည်း၊ သေမြဲဓမ္မတာ၊
မသေခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အသေလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၇။ အကျဉ်းသမားက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
နှောင်ဖွဲ့လွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


ယမမင်းကြီးက ငရဲပြည်ရောက်လာသူများကို မေးစိစစ်ရသည်ဆိုသော်လည်း သူကိုယ်တိုင်ကမူ အပါယ်ဘုံသား မဟုတ်ပါ။ စတုမဟာရာဇ်နတ်ဘုံ၌ ပါဝင်သော ဝေမာနိကပြိတ္တာမျိုး ဖြစ်ပါသည်။
ဝေမာနိကပြိတ္တာတို့၏ အရှင်ဘုရင်ဖြစ်၍ နတ်နန်းဗိမာန်၊ နတ်သမီးအခြံအရံ၊ ဥယျာဉ်ပဒေသာပင်  စသည်ဖြင့် နတ်စည်းစိမ်ခံစားရသူပါ။


ကုသိုလ် အကုသိုလ် နှစ်မျိုးရောစပ်ပြုခဲ့သော ကံကြောင့် နတ်ပြိတ္တာ ဖြစ်ရသည်။ တခါတရံမှာ အကုသိုလ်အကျိုးကိုလည်း ခံစားရ၏၊ ယမမင်းက တယောက်တည်းရှိတာ မဟုတ်ပါ၊ ငရဲကြီးရှစ်ထပ်၏ တံခါးဝတိုင်းမှာ ရှိပါသည်၊ ငရဲတထပ်  တံခါးလေးခုဖြစ်၍ ယမမင်းပေါင်း ၃၂-ယောက်ပင် ရှိ၏။


သူက နတ်ပြိတ္တာမျိုးဖြစ်၍ တရားနာ တရားအားထုတ်ခွင့်ရပြီး ကျွတ်တန်းဝင်ခွင့် ရှိပါသည်။ တရားထူးရလျှင် အကုသိုလ်ကံအကျိုးပေး မခံစားရတော့ဘဲ မင်းကောင်းမင်းမြတ်များ ဖြစ်လာကြပါသည်။ ယမမင်းအကြောင်း အကျယ်တဝင့် သိလိုပါက (မ၊ ဌ၊ ၄-၁၆၄) တွင် ရှုပါ။


ယမမင်းထံ အစစ်ခံ ဆိုပေမယ့် ဘဝတပါးပြောင်းသွားသူတိုင်း အစစ်ခံရခြင်း မဟုတ်ပါ၊ လူ့ဘုံ၊ နတ်ရပ်
ရောက်ထိုက်သော ကုသိုလ်ရှင်များ ဆိုင်ရာသုဂတိဘုံသို့ ရောက်သွားကြသလို အကုသိုလ်ကံကြီးသူ တို့မှာလည်း ထိုက်သင့်ရာ ငရဲသို့ တိုက်ရိုက်ပင် ရောက်သွားကြပါ၏။ အကုသိုလ်ကံ အနည်းငယ်ပြုသူတို့သာ ယမမင်းထံ အစစ်ခံကြရပါသည်။ ယမမင်းက ထိုသူ၏ မေ့လျော့နေသော ကောင်းမှုကုသိုလ်များကို အစဖော်ပေးသဖြင့် ကယ်တင်ရှင်ဟုပင် ဆိုနိုင်ပါသည်။ သံပေါက်လင်္ကာများကို မှတ်သားကြပါဦးစို့။


၁။ အိုကွယ့်ယောက်ျား၊ လူ့ပြည်သား၊ ဘယ်တရားများ ကျင့်ခဲ့တယ်၊?
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။


၂။ ကုသိုလ်ကောင်းမှု၊ တခုခု၊ မပြုခဲ့လားကွယ်၊?
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍နေရှာတယ်။ 


၃။ အမောင်ယောကျာ်း၊ သတိထား၊ စဉ်းစားပါဦးကွယ်၊?
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်၊?
ကျွန်တ်ာတို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။ 

၎။ ပဗ္ဗဇ္ဇိတ၊ ဒုလ္လဘ၊  မရခဲ့လားကွယ်၊?
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မသက်တယ်။ 


၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်၊?
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာ မဝင်တယ်၊
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာရောက်တော့တယ်။


၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်၊
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်၊?
ကျွန်တော့်မယား၊ စားဖို့များ၊ ကြိုးစားလုပ်ခဲ့တယ်။


၇။ အမောင်အမောင်၊ ယောင်တောင်တောင်၊ အမောင်မှားခဲ့တယ်၊
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်၊?
သားကြီးရှင်ဖြစ်၊  ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။


၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်၊?
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်၊
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော့်စိတ်မှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။


၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်၊?
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်၊
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွှဲသာကျွေး ကျွေးရတယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင် သင်ဖြူး ခင်းပေးတယ်၊
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်၊
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။


၁၀။ မင်းအလှူမှာ၊ ငွေကုန်သာ၊ နှမြောပါဘိကွယ်၊ 
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်၊?
ပရိက္ခရာ၊ ညံ့လှစွာ၊ အဖိုးချိုတာ ရွေးဝယ်တယ်။


၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်၊?
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။


၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်၊?
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာကိုယ်တော်ပင့်လားကွယ်၊?
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှ ပင့်ခဲ့တယ်၊
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်၊
သည်လိုဆရာ၊ ကျွန်တော်မှာ၊ များစွာပင့်ခဲ့တယ်၊
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော်ပင့်ဦးမယ်၊
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်၊
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းဆေး စားခဲ့တယ်၊
ငှက်ပျောအုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်၊
ဒီလိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှ ပင့်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ ဒီလိုချည်းသာ ပင့်ကြတယ်၊


၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်၊
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်၊?
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်၊
သက်သတ်ခိုးမှု၊ ကာမေသု၊ တခုမကျန် ပေါက်ခဲ့တယ်၊
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။


၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်၊
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်ရာတောင် ရန်ဖြစ်တယ်။


၁၅။ သည်မှတခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်၊?
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင် လိုက်ဖူးတယ်။


၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်၊?
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။


၁၇။ မာတာပိတ၊ မိနှင့်ဘ၊ ညွတ်ခယလားကွယ်၊?
မညွတ်ခဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင်ဆဲသေးတယ်။


၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်၊
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်၊?
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။


၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူးရှိလားကွယ်၊?
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။


၂၀။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တခါလားကွယ်၊?
ကျွန်တော်မျိုးမှာ၊ တခါသာ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။


၂၁။ သည်တခါနာ၊ အမောင့်မှာ၊ ကြည်ညိုပါလားကွယ်၊?
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်၊
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။


၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်၊?
ဆွမ်းမုန့်ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။


၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာလို့ ထင်လားကွယ်၊?
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။


၂၄။ ခိုသောအခါ၊ မင်းစိတ်မှာ၊ ကြည်ညိုပါလားကွယ်၊?
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်၊
 စားစရာမြင်၊ မကျွေးလျှင်၊ စိတ်တွင်ပြစ်မှားတယ်၊ 
ဘုန်းကြီးနှယ်ကွာ၊ နှမြောတာ၊ သည်လိုများတောင် ဆိုမိတယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။


၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ ရှောင်ရှားရဲ့လားကွယ်၊?
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းက အနိုင်ဆင်းခဲ့တယ်။


၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်၊?
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီးသောက်ခါ ပြန်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။


၂၇။ အမောင်ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်၊
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်၊?
ဘုန်းကြီးများထံ၊ သီလခံ၊ ကျွက်ဆူညံအောင် ပြောခဲ့တယ်။


၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်၊?
တရားကြောင်းရာ၊ မဟုတ်ပါ၊ ရောက်မိရောက်ရာ ပြောပါတယ်၊
လယ်ယာ-ကျွဲ-နွား၊ ပြောင်း-စပါး၊ သားမယားကြောင်း ပြောခဲ့တယ်၊
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်၊
စကားမဆုံး၊ တနေ့လုံး၊ အုန်းအုန်းကျွတ်ကျွတ် ညံခဲ့တယ်၊
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။


၂၉။ သီလပျောက်ကျား၊ စောင့်လေငြား၊ မိုးကားကွက်ကြား ရွာတတ်တယ်၊
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်၊
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်၊
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်၊
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်၊?
ကမ္မဋ္ဌာန်းဘာဝနာ၊ အလုပ်မှာ၊ လွန်စွာ နည်းခဲ့တယ်။

၃၀။  တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်၊?
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။


၃၁။ မေးသောအခါ၊ အကြောင်းရာ၊ ဘာဝနာလားကွယ်၊?
ပရိသတ်ဘောင်၊ လူလယ်ကောင်၊ အထင်ကြီးအောင် မေးခဲ့တယ်၊
မဖြေနိုင်က၊ အရှက်ရ၊ နာမည်လှလှ ပျက်ခဲ့တယ်၊ 
တခါတခါ၊ ကျုပ်တို့ရွာ၊ စာစကားသာ ပြောကြတယ်၊
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက်၊ ရောက်မိရောက်ရာ ငြင်းကြတယ်၊
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။


၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်၊?
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနဲ့ ရန်ဖြစ်တယ်၊


၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်၊
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမှ မရှိတယ်၊
တခုကိုမှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်၊
အမောင်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်၊
မကယ်ဖြစ်တာ၊ မင်းတခါ၊ ကြမ္မာမှောက်တော့မယ်၊
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်၊
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်၊
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်၊
ချသောအခါ၊ သူ့ခမျာ၊ အော်ကာ ခံရတယ်၊
သံပေါက်အလာ၊ နှလုံးမှာ၊ မြဲစွာမှတ်ကြကွယ်။


ယမမင်းမေးလို့မှ ပြောစရာ ကောင်းမှု တခုမရှိ၊ ဒါန၊ သီလ၊ ဘာဝနာ ကင်းကွာ ဝမ်းစာရှာဖွေမှုဖြင့် အချိန်ကုန်ခဲ့ရပုံ၊ တသက်မှတခါ သားကြီးရှင်ဖြစ် အလှူပွဲမှာပင် ပကာသန ရှေ့တန်းတင်၍ လှူရကျိုးမနပ်ခဲ့ပုံ၊ အကျင့်ပျက်ပြား၊ မိဘနှစ်ပါး မရိုသေ၊ အသိတရား ပေးမည့် တရားဒေသနာပွဲကြုံလို့မှ မနာယူမိပုံ၊ ရှားရှားပါးပါး အခါကြီးရက်ကြီး ကျောင်းကန်ဘုရားရောက်ခိုက်ကလေးမှာပင် စားသောက်ငြင်းခုံ အချိန်ကုန်ခဲ့ပုံ စသော ပုထုဇဉ်လူသားတို့ ချို့ယွင်းချက် အဖုံဖုံကို အတိအလင်း ဖော်ထုတ်ထားပါ၏။


တဖက်မှကြည့်လျှင် ရှေးဘိုးဘွားများခေတ်က သိုက်မြိုက်စည်ကားစွာ ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်ခဲ့ကြပုံ၊ ဥပုသ်သီတင်း စောင့်သုံးသူ များပြားခဲ့ပုံ၊ တရားစကား ပြောဆိုဆွေးနွေးကြပုံ စသည့် မြင်ကွင်းများကို ထင်ယောင်လာစေနိုင်သော သံပေါက်လင်္ကာများလည်း ဖြစ်နေပြန်ပါသည်။


ကျေးဇူးတော်ရှင် ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက အနာဂတ်သာသနာရေး ကျမ်းမှာ “သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်”စသည့် လင်္ကာပိုဒ်များ ကိုးကားလျက် ငွေကုန်လူပန်း အကျိုးမဲ့ ပကာသနအလှူများ ရပ်တန်းက ရပ်ကြဖို့ ဆုံးမတော်မူခဲ့ပါသည်။ ဓမ္မကထိက အကျော်အမော် ဆရာတော်ကြီးများ၏ တရားပွဲနှင့် ကြုံကြိုက်သော်မှ “တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်”ဟု ဆိုရလောက်အောင်ပင် ကျွန်တော်တို့ဘက်က ချို့ယွင်းချက်တွေ တလှေကြီးနဲ့ပါလား။

ကုသိုလ်ရဖို့လုပ်လျှင် ကုသိုလ်ဖြစ်ဖို့ အရေးကြီးပါသည်၊ ချွေးဒီးဒီးကျ အားစိုက်ရှာဖွေခဲ့ရသော ဥစ္စာဓနကို  စွန့်လွှတ်လှူဒါန်း ပေးကမ်းခြင်းသည်၊ တသက်တာ ဝမ်းမြောက်ကြည်နူး ကုသိုလ်ပွားဖွယ် ဖြစ်သင့်ပါ၏။ ပကာသနကိစ္စများဖြင့် မိမိအလှူဒါနကို မလျော့ပါးစေသင့်ပါ။ ဘုရားဖူးလျှင် ဘုရားဂုဏ်တော်ပွားများ ဆင်ခြင်မိစေဖို့၊ အနန္တဂိုဏ်းဝင် မိဘနှစ်ပါးကို ရိုသေလုပ်ကျွေးဖို့၊  ဥပုသ်စောင့်တာ ထမင်းဆာ အဖတ်မတင်စေဘဲ ပုတီးစိပ် ဘာဝနာတရားဖြင့် အကျိုးများခဲ့ဖို့ လိုပါသည်။


လိုရင်းကိုသိမှ လိုရာကို ရပါမည်။ လိုရင်းမရောက်ဘဲ အလွဲလွဲအချော်ချော် လုပ်နေတတ်ကြပုံများကို “ယမမင်းထံ အစစ်ခံ သံပေါက်”က အထင်အရှား ပြသခဲ့ပါ၏။ ယင်းသံပေါက်လင်္ကာများကို အကျင့်စာရိတ္တ ပြုပြင်ရေး စာပေအဖြစ် ဘိုးဘွားမိဘများ စွဲမက် နှစ်ခြိုက်ခဲ့ကြသည်။ ကျွန်တော်တို့ အတွက်လည်း အံဝင်ခွင်ကျ ရှိနေဆဲ။ နောင်နှစ်ပေါင်းများစွာလည်း အသိအမြင် အလင်းရောင်ပေးနေဦးမည်သာ။


မင်းစော (တောင်သမန်)
(သူရဇ္ဇ ၂၀၁၀-ဇန်နဝါရီလ) 

မင်္ဂလာသတင်းစဉ်မှ ကူးယူဖော်ပြပါသည်။

အမတ်ကြီး ဦးပေါ်ဦး (သူ့ချည်းပဲလား- ဆားနဲ့ပါဘုရား)


အမတ်ကြီး ဦးပေါ်ဦးကို မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ တနင်္ဂနွေနေ့ ဖွားမြင်တယ်။ ဦးပေါ်ဦးဟာ အမရပူရမြို့တည် ဘကြီးတော်မင်း၊ ဘိုးတော်မင်းနဲ့ ရွှေဘိုမင်း သုံးဆက် မှီခဲ့သူ ဖြစ်တယ်။ ဦးပေါ်ဦးဟာ စာတတ်၊ ပေတတ်၊ ကျမ်းတတ် ပညာရှိ ဟာသဉာဏ်ရွှင် မှတ်ဉာဏ်ကောင်းသူ ဖြတ်ထိုးဉာဏ်ရွှင်သူလို့ ကျော်ကြားခဲ့တယ်။ ဘိုးတော်ဘုရင်နဲ့ အနီးကပ်ဆုံး နေခဲ့သူလို့လည်း ဆိုတယ်။ ဒါကြောင့် မင်းအဆက်ဆက်ကို လျှောက်တင်ခဲ့တဲ့ ပေါ်ဦးလျှောက်ထုံးတွေဟာ အလွန်ထူးဆန်း ထင်ပေါ်နေခဲ့တယ်။ ဒီနေရာမှာ ပေါ်ဦးလျှောက်ထုံး များစွာထဲက “သူ့ချည်းပဲလား – ဆားနဲ့ပါဘုရား” ကို ပြောပြလိုက်မယ်။ အချိန်တခုမှာ ဘိုးတော်ဦးဝိုင်း ဘုရင်က ဟဲ့။ ပေါ်ဦး။ ဥတကာဥ ဘယ်ဥ အကောင်းဆုံးလဲ။ မေးတော်မူတဲ့အခါ။ ပေါ်ဦးက ချက်ချင်းမဆွ လိပ်ဥပါဘုရားလို့ ဖြေလိုက်တယ်။ နောက်ထပ် ရက်အနည်းငယ်ကြာမှ ဘုရင်က ဟဲ့ ပေါ်ဦး။ သူ့ချည်းပဲလားလို့ မေးတော်မူတဲ့အခါ ပေါ်ဦးကလည်း ချက်ချင်းပင် ဆားနဲ့ပါဘုရားလို့ ပြန်ဖြေခဲ့လို့ သတိကောင်းလှချည့်၊ မှတ်ဉာဏ်ကောင်းပေ့လို့ ဦးပေါ်ဦး ချီးကျူးခံရဖူးတယ်။

လူမိုက်ကိုကြောက်သော ဦးပေါ်ဦး


"ငါဟာ . . . .ရေမြေ့သခင်၊ သက်ဦးဆံပိုင်၊မင်းဧကရာဇ် ဖြစ်တယ်ဆိုတာ မောင်မင်းသိရဲ့လား . . ပေါ်ဦး. . ."

"သိကြောင်းပါဘုရား. . . ."

"ပါးစပ်ကသာ သိတယ်လို့ပြောတယ်. . . မောင်မင်းကို ကြည့်ရတာ ငါ့ကို ကြောက်ပုံမရဘူး. . . ငါကဲ့သို့ ဘုရင်ထက် ကြောက်ရမည့်သူများ ရှိရဲ့လား ပေါ်ဦးရဲ့. . . ."

ဘိုးတော် ဦးဝိုင်းက မေးသည်. .

သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် တစ်ခါတစ်ရံတွင် ဦးပေါ်ဦးသည် ဇွတ်တရွတ် လျှောက်ထားတတ်သည်. . ထို့ကြောင့် ဦးပေါ်ဦးကို သတိပေးလိုစိတ်ဖြင့် ဘိုးတော် ဦးဝိုင်းကမေးနေခြင်း ဖြစ်ပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . .ဘုရင်ထက် ကြောက်ရတဲ့သူ ရှိကြောင်းပါဘုရား . ."

"ဟေ. . ငါဘုရင်ထက်ကြောက်ရတဲ့သူရှိတယ်. . . ဟုတ်စ. . . ဘယ်သူများပါလိမ့်ကွယ်. . . . "

"လူမိုက်ပါ ဘုရား. . ."

"ဘာကြောင့်များလဲကွယ်. . ."

"မှန်ပါ. . . ဘ၀ရှင် မင်းတရားကြီးသည်. . .ရှင်ဘုရင်ဖြစ်သည့်အတွက် တွေးတော ဆင်ခြင် နှိုင်းဆတတ်ပါသည်. . . ဘုရား . . . လူမိုက်ဆိုသူများကတော့ . . တွေးတောဆင်ခြင် နှိုင်းဆတတ်ခြင်း မရှိ. . . ဥာဏ်အမြော်အမြင် မရှိကြောင်းပါ ဘုရား . . . ထို့ကြောင့် . . .ရှေးနောက် မတွေး၊ ရိုက်တတ်၊ သတ်တတ်၊ နှိပ်စက်တတ်သော. . လူမိုက်များကို ရှင်ဘုရင်ထက် ပို၍ ကြောက်မိကြောင်းပါဘုရား . . ."

ဦးပေါ်ဦးက လျှောက်ထားသည်. .

ဘိုးတော် ဦးဝိုင်းသည် ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို လက်ခံရတော့သည်. . .

အကယ်၍ လက်မခံခဲ့လျှင် . .. တွေးတော ဆင်ခြင်ခြင်း မရှိရာ၊ ဥာဏ် အမြော်အမြင် မရှိရာ ရောက်ပေတော့မည်. . . .

"ဟုတ်ပါပေတယ် မောင်မင်း. . ."

ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို ဘိုးတော် ဦးဝိုင်း လက်ခံရုံမျှတစ်ပါး အခြားမရှိပြိ

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဦးပေါ်ဦး ပြောတဲ့ သံဆင်းထုတော် ပြုလုပ်ကောင်းကြောင်း တစေ့တစောင်း...!

မဟာဇေယျ သူရသင်္ခယာဘွဲ့ခံ နာခံတော် ဦးပေါ်ဦး နဲ့ ပတ်သတ်ရင် ရယ်စရာလျှောက်ထုံးတွေကိုပဲ အမြဲကြားရ ဖတ်ရလ့ရှိပါတယ်။ တကယ်တော့ ဦးပေါ်ဦးဟာ ညီလာခံမှာ များသောအားဖြင့် အတည်အခန့်စကားတွေကိုသာပြောတတ်ပြီး မင်း ၊ မိဖုရား အနည်းငယ်ရှိတဲ့ အတွင်းတော်မှာပဲ ရယ်စရာတွေကို ပြောတတ်လေ့ ရှိပါတယ်။ အခုတစ်ခါပြောတာလည်း အတွင်းတော်မှာပဲ ဖြစ်ပါတယ်။

တစ်ခါကလည်း ဘိုးတော်ဘုရားဟာ မေးတိုင်းဖြေနိုင်နေတဲ့အတွက် မဖြေနိုင်တဲ့ ကပ်သီးကပ်ဖဲ့မေးခွန်းတစ်ခုတော့ မေးဦးမှ ဆိုတာ အနားမှာရှိနေတဲ့ မဟာဒါန်ဝန်ကို ငဲ့ကြည့်ပြီး ဦးပေါ်ဦးကို မေးတော်မူပါတယ်။
“ဟဲ့ ပေါ်ဦး ၊ ဟိုးရှေးရှေးက ဘုရင်မင်းမြတ်များဟာ မြတ်စွာဘုရား ဆင်းတုတော်များထုလုပ်ကိုး ကွယ်တဲ့အခါမှာ ငါတွေ့ဖူးသလောက်တော့ ရွှေ၊ ငွေ ၊ ကြေးဝါ ၊ သစ်သား ၊ အင်္ဂတေပဲ ဟဲ့။ သံနဲ့ သွန်းလုပ်ကိုးကွယ်တဲ့ စေတီရုပ်ပွားတော်ရယ်လို့ ကိုယ်တော်တော့ မကြားဖူးဘူး ၊ မောင်မင်းရော ကြားဖူးသလားဟဲ့”
“ဘယ်စာပေ ၊ ဘယ်ပုရပိုက် မှာမှ မတွေ့ဖူး မကြားဖူးပါ ဘုရား”

ဘိုးတော်ဘုရားက ထပ်မိန့်တယ်။
“သို့ပါလျက် ကိုယ်တော်မြတ် နန်းတော်ရာကျွန်းအရပ်မှာ တည်ထားတဲ့ ကောင်းမှုတွေထဲမှာ သံနဲ့ သွန်းလုပ်တဲ့ ရုပ်ပွားတော် ပါနေတယ်ဟဲ့”
“ကျွန်တော်မျိုး အသိဖြစ်ကြောင်းပါ ဘုရား”
” ဒါ လုပ်ကောင်းရဲ့လားဟဲ့”
“လျှော်ကန်သင့်မြတ်ကြောင်းပါ ဘုရား” ၊ ဘုရင်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါပါတယ်။
“မောင်မင်းကို ကြည့်ရတာ မင်းကြိုက်ဆောင်တဲ့ ကပ်ပါး အမတ်နဲ့ တူပါတယ်။ ပညာရှိ အမတ်နဲ့ မတူဘူး ”

“မှန်လှပါ … သံဖြင့် သွန်းလုပ်ခြင်းဟာ သီဟိုရ်နမက္ကာရကြီးဘုရား ရှိခိုး နှင့် ကိုက်ညီတဲ့အတွက် လျှော်ကန်သင့်မြတ်တယ်လို့ လျှောက်တင်ရခြင်းပါ ”
“တင်စမ်းဟဲ့ ၊ နင့်သီဟိုင်္ရနမက္ကာကြီးကို”
” မှန်လှပါ ၊ ဘုရားရှိခိုးထဲမှာ သံဗုဒ္ဓေ အဌ၀ီသဉ္စ လို့ပဲ ပါပါတယ်ဘုရား ၊ ကြေးဗုဒ္ဓအဌ၀ီသဉ္စ လို့ မပါကြောင်းပါဘုရား”
ဒီအခါမှာ ဘုရင် က သဘောကျပြီး ကြံကြံဖန်ဖန်လျှောက်တန်ပါပေတယ် ဆိုတဲ့သဘောနဲ့ ပြုံးတော်မူပါတယ်။ ဘုရင်ပြုံးတဲ့အခါ မှ မဟာဒါန်ဝန် အပါအ၀င်ကျန် ပုဂ္ဂိုလ်တွေက ‘ဟုတ်ပေတယ်’ လို့ ရယ်သံစွက်ပြီး ထောက်ခံကြပါတော့တယ်။

Ref; ဦးပေါ်ဦးရဲ့ စကားအလင်္ကာ

ခါးတောင်းကျိုက် နဲ့ ပြေးတဲ့ ဦးပေါ်ဦး


တစ်ခါက ဘိုးတော်ဘုရား နဲ့ မိဖုရားကြီး တို့ဟာ ဧရာဝတီမြစ်ကမ်း ထိပ်က ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘုရားတွေ ကို ဘုရားဖူး ထွက်တော်မူပါတယ်။ ဘုရားဖူးပြီးတော့ ဘိုးတော်ဘုရား ဟာ စိတ်ရွှင်လန်းနေပါတယ်။ ပြီးတော့ မြစ်ဘက် ကို ကြည့်တယ်။ မြစ်ကိုကြည့်ပြီး အတွေးတစ်ခုပေါ်လာတာကြောင့် ဦးပေါ်ဦး ကို လှမ်းမေးလိုက်တယ်။
“ဟဲ့ ပေါ်ဦး ၊ ဒီမြစ်ကို ဟိုဘက်ကမ်းရောက်အောင် ကူးနိုင်ပါ့မလား” မြစ်ရေ ကို လက်ညိုး ထိုးပြီး ပြတော် မူတော့ ဦးပေါ်ဦး က ရေပြင်ကို လှမ်းကြည့်ပြီး ဖြေတယ်။
” ဒီမြစ်ကို မပြောနဲ့ ဒီမြစ်ထက် အဆပေါင်းများစွာ ကျယ်တဲ့ မြစ်ကိုတောင် ဖြတ်ကူးနိုင်ကြောင်းပါဘုရား”
ဘိုးတော်ဘုရား လည်း ဒီတစ်ခါတော့ ပေါ်ဦး ကို နိုင်ကွက်တွေ့ပြီ ၊ အပြော နဲ့ အလုပ် မညီလို့ ကတော့ တွေ့ပြီပေါ့ ပေါ်ဦးရယ် လို့ တေးပြီး …
“ကဲ..ဒါဖြင့် ပေါ်ဦး မင်းကူးပြစမ်းကွယ်”
ဦးပေါ်ဦး ကလည်း ချက်ချင်းပါပဲ။ ၀တ်ထားတဲ့ စလွယ်တွေ ခေါင်းဆောင်းတွေ ကို ချွတ်တယ်။ ပုဆိုး ကို သေသေ ချာချာ ခါးတောင်းကျိုက် လိုက်တယ်။ အဲဒီနောက်တော့ မြစ်ဘက် ကို ပြေးသွားပါတယ်။ မြစ်ထိပ်ကိုရောက်တော့ မြစ်ထဲကို မဆင်းပဲ ဟိုဘက်ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် ၊ ရပ်မျှော်ကြည့်လိုက် အဲဒီ အတိုင်းလုပ်နေတယ် ။
ကြာလာတော့ ဘိုးတော်ဘုရား က စိတ် မရှည်တော့ဘူး ။ ဦးပေါ်ဦး ကို အခေါ် လွှတ်လိုက်တယ်။ ဦးပေါ်ဦးဘုရင် ရဲ့ ရှေ့ကိုပြန်ရောက်လာတယ်။
“ဟဲ့ ပေါ်ဦး ဟိုဘက်ကမ်းကို ကူးမယ်ဆို ၊ ဘယ်နှယ် မကူးပဲ ဟိုပြေး ဒီပြေး လုပ်နေတာလဲ”
” ဟိုဘက်ကမ်းကို ကူးဖို့ လှေ ရှာနေတာပါဘုရား ”
” ဟဲ့ ဘာပြောတယ်မောင်မင်း ၊ မောင်မင်းပြောတော့ ဖြတ်ကူးပြမယ်ဆို ၊ ပြန်လျှောက်တင်စမ်းဟ”
” ကျွန်တော်မျိုး တောင်ပြေး မြောက်ပြေး ပြေးနေတာဟာ ဟိုဘက်ကမ်း ကို ကူးဖို့ လှေရှာနေတာပါဘုရား”
“ဖြစ်ရလေ ပေါ်ဦးရယ် ၊ လှေ နဲ့ ကတော့ လူတိုင်း ကူးတတ်တာပေါ့ဟဲ့”
” မှန်ပါ ၊ ဘုရား ကျွန်တော်မျိုးလည်း လူထဲက လူ တစ်ယောက်သာ ဖြစ်တဲ့ အတွက် အများနည်းတူ လှေနဲ့ ကူးနိုင်ကြောင်းပါဘုရား”
မင်းတရားကြီး ရင်ဘတ်ကို ဖိကာ ရယ်တယ်။ မိဖုရားကြီးက ၀င်ပြီး ‘နင် လုပ်လိုက်ရင် ဒီလိုချည်းပဲ ‘ လို့ ပြုံး ပြုံးကြီး မိန့်တော်မူပါတယ်။

အ မတ် ကြီး ဦး ပေါ် ဦး





အမတ်ကြီး ဦးပေါ်ဦးသည် အမရပူရမြို့တည်နန်းတည် ဘိုးတော်မင်းတရား  လက်ထက်မှစ၍ မင်းသုံးဆက်တိုင်အောင် အမှုတော်ထမ်းခဲ့ရသော ပညာရှိ အမတ်ကြီး ဖြစ်လေသည်။
သက္ကရာဇ် ၁၁၂၁ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက် (ခရစ် ၁၇၆ဝ၊ မတ် ၂)၊ တနင်္ဂနွေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ ယခု ရွှေဘိုခရိုင် မြေဒူးအောက်တိုက် တန်ဆည်ရွာ (ယခု တဇယ်ရွာ)ဇာတိဟု ဆိုကြသည်။ မိဘများမှာ ဦးစံခိုင်၊ ဒေါ်ပိုးဇီတို့ ဖြစ်သည်။ မွေးချင်းဟူ၍ ဦးတုတ်ကြီး ဆိုသူ အစ်ကိုတစ်ဦး ရှိသည်။ ရဟန်းအဖြစ် သုံးနှစ်နေ၍ စာပေသင်ကြားပြီးနောက် လူထွက်ကာ မင်းမှုထမ်းသည်။ ဘိုးတော်ဦးဝိုင်း (ဗဒုံမြို့စား)သည် ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် ဆင်းဆင်းရဲရဲ အိမ်နိမ့်စံနေစဉ်အခါကပင် မောင်ပေါ်ဦးသည် မိမိ၏အရှင်နှင့် ဆင်းရဲအတူ ချမ်းသာအမျှ နေထိုင်ခဲ့သည်။ ဘိုးတော်မင်းတရား နန်းတက်ပြီး နောက်တစ်နှစ် သက္ကရာဇ်၁၁၄၄ခုနှစ်တွင် မဟာဇေယျသူရသင်္ခယာဘွဲ့နှင့် နားခံတော်ကြီးအဖြစ် ချီးမြှင့်တော်မူခြင်းကို ခံရသည်။ ၁၁၄၅ခုနှစ်တွင် မင်းကြီးသီရိမဟာနန္ဒသင်္ကြံဘွဲ့နှင့် ယောမြို့၊ ဆောမြို့စား အတွင်းဝန်ကြီးအဖြစ်ဖြင့် ခန့်ထားခြင်းခံရလေသည်။
ဘိုးတော်မင်းတရား၏ နန်းစံ (၃၈)နှစ်ပတ်လုံး အမတ်ကြီး ဦးပေါ်ဦးသည် အမှုတော်ကို ထမ်းခဲ့သည်။ ဘိုးတော်မင်းတရားသည် ဦးပေါ်ဦးကို လေးစားချစ်ခင်တော်မူသည်။ အားကိုးအားထားလည်း ပြုသည်။ အထူးမြှောက်စားကာ ဆုလာဘ်တော်များလည်း ပေးသနားသည်။ သို့သော် မိမိလက်ထက်တော်တွင်မူ မြှောက်စားလွန်းရာကျမည်စိုး၍ ရာထူးကြီးများဖြင့် မချီးမြှင့်ခဲ့ပေ။ မိမိရိုက်ရာတော် ဆက်ခံကြမည့် စစ်ကိုင်းမင်းသား (ဖလ်နန်းရှင်ဘကြီးတော်မင်းတရား)နှင့် သာယာဝတီမင်းသား (ရွှေဘိုမင်း၊ ကုန်းဘောင်မင်း)တို့ကိုမူ ဦးပေါ်ဦးအား ရာထူးကြီးများဖြင့် ချီးမြှင့်မြှောက်စား၍အရာခပ်သိမ်းတိုင်တိုင်ပင်ပင်ပြုကြရန် တင်းတင်းကြပ်ကြပ် မိန့်မှာထားခဲ့လေသည်။
ထို့ကြောင့် ဘကြီးတော်မင်းလက်ထက် ကျရောက်သောအခါ ဝန်ကြီးသတိုးမင်းကြီး မဟာမင်းခေါင်ဘွဲ့နှင့် အဂ္ဂမဟာသေနာပတိဗိုလ်မှူးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ ကုန်းဘောင်မင်းတရားလက်ထက်တွင်မူ ဝန်ကြီးသတိုးမင်းကြီး မဟာသုဓမ္မရာဇာကျော်ထင်ဘွဲ့နှင့် တရားဝန်ကြီးချုပ်အဖြစ် ချီးမြှင့်ခြင်း ခံရသည်။
အမတ်ကြီး ဦးပေါ်ဦးသည် ကျယ်ဝန်းထက်မြက်သော ဥာဏ်ပညာပါရမီနှင့် ပြည့်စုံ၍ တင်္ခဏုပ္ပတ္တိဥာဏ် လျင်မြန်ပြီး မင်း၏ စိတ်နှလုံးရွှင်ပြုံးလာအောင် ရုတ်ခြည်း တင်လျှောက်နိုင်သည့် အရာတွင် နှိုင်းယှဉ်နိုင်ဖွယ်ရာ ရှားသော ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်သည်။ ပိဋကတ်ကျမ်းဂန်၊ ဗေဒင်၊ ဓမ္မသတ် စသော ဂန္ထန္တရတို့၌ နှံ့စပ်ကျွမ်းကျင်သည်။ ကဗျာဖွဲ့ဆိုမှု၌လည်း ကဝိတစ်ဆူဖြစ်သည်။ စကားပရိယာယ်ကြွယ်ဝ၍ မင်းက မေးတော်မူသမျှကို ပါဠိ၊ အဋ္ဌကထာ၊ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ၊ ဇာတ်နိပါတ်၊ ရာဇဝင်တို့မှ ဥဒါန်းစကားအစဉ်တို့ဖြင့် ထုတ်နုတ်တင်လျှောက်နိုင်စွမ်း ရှိသည်။ မိမိအရှင်၏အရေး၊ တိုင်းပြည်အရေးကို အစဉ်သဖြင့် ထောက်တွေးမြော်ရှုလေ့ရှိသည်။ တိုင်းပြည်သေဌ်နင်း မင်းဧကရာဇ်ပင် ဖြစ်သော်လည်း နည်းလမ်းမမျှ စည်းကမ်းမကျ ပြုမူနေသည်ကို သိရလျှင် မိမိ၏ အသက်စည်းစိမ်ကို မငဲ့ကွက်ဘဲ မင်း၏အမျက်တော်ရှခြင်းကိုပင် ခံယူကာ ပြတ်ပြတ်သားသား တင်လျှောက်ဝံ့သူဖြစ်သည်။
တိုင်းပြည်၏အကျိုး၊ မိမိအရှင်၏အကျိုးကို ဘုရင်မျက်မာန်ရှသည်ကိုပင် ခံယူခဲ့ရသော သာဓကတစ်ခုမှာ ဘိုးတော်မင်းတရားသည် မြစ်တော်ချစ် ညောင်ရမ်းမင်းသားကလေးအတွက် မြဧယာဉ် ခမည်းပေးရန် သဿဗေဒအခွန်တော်မှ ငွေတော်ရှစ်သိန်း ထုတ်ယူသုံးစွဲရန် အမိန့်ထုတ်သည်။ ဦးပေါ်ဦးက ထိုအမိန့်တော်ကိုကြားလျှင် ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမဝဟု ဆိုလိုက်သည်။ ထိုစကားကို ရွှေနားတော်ပေါက်ကြားလျှင် ဘုရင်မျက်တော်မူ၍ ဦးပေါ်ဦးအား ချီးမြှင့်ထားသော ရာထူးဌာနန္တရများကို ရုပ်သိမ်းပြီးလျှင် သိန္နီမြို့နယ်သို့ အကျဉ်းနှင့် ပို့နှင်လေသည်။ 
ဦးပေါ်ဦးသည် သိန္နီမြို့နယ်မှ ရတုခြောက်ပုဒ်ရေးသား၍ ရွှေနားတော်ဆက်သွင်းသည်။ လိုရင်းအပုဒ်ဖြစ်သော ‘ကျင့်ဆက်မျိုးဝေ …..’ ချီရတုတွင်  ဘုရင်မင်းမြတ်တို့ ကျင့်ရိုးဓမ္မာ ဆုံးမရာဖြစ်သော ရာဇက္ကမအနုသာသနီကျမ်းထွက်အရ ဘုရင်မင်းမြတ်တို့သည် မည်သည့် အခွန်အတုတ်မျိုးကို မည်သည့်နေရာ၌ မည်သို့သုံးစွဲရသည်ကို ညွှန်ပြကာ သဿမေဓခွန်ကို ဘုရင်တို့သည် မိမိတို့ကိုယ်ရေးကိုယ်တာအတွက် မသုံးအပ်သည်ကို ဖော်ပြသည်။ ထိုအခါ ဘိုးတော်ဘုရားသည် ကျွန်ယုံချစ်ကာ၊ မိမိကိုယ်တော်၏ အကျိုးလိုလား၍ ဆိုခဲ့ပြောခဲ့သည်ကို ပြန်လည် ဆင်ခြင်မိကာ ဦးပေါ်ဦးအား နေပြည်တော်သို့ ပြန်ခေါ်ပြီး ရှေးရာထူးဌာနန္တရအတိုင်း သူကောင်းပြုတော်မူလေသည်။
ဘိုးတော်ဘုရားလက်ထက်တော်အခါက အမတ်ကြီးဦးပေါ်ဦး၏ ရာထူးသည် အတွင်းဝန်မျှသာ ဖြစ်သည်။ သို့သော် အခြားတစ်ပါးသော ဝန်ကြီး၊ မှူးကြီး၊ သားတော်၊ သမီးတော်တို့ပင် မတင်လျှောက်ဝံ့သော အရေးအခင်းများကို ဦးပေါ်ဦးသာလျှင် တင်လျှောက်ဝံ့သည်။ ဦးပေါ်ဦးသည် မင်းရိပ်မင်းခြည်လည်း သိသည်။ မင်းလျော်ဝင်သဖြင့် မင်းတရားကြီးကလည်း ချစ်ခင်မြတ်နိုးသည်။ အရေးအခင်းကြုံ၍ ချဉ်းကပ်လျှင် နစ်နာရသည်မရှိ။ သက်သာခွင့်ရသည်။
အခါတစ်ပါးတွင်ရတနာသိင်္ဃစီရင်စုမှမင်းတရားကြီး၏ လယ်တော်များကို ပိုင်းခြားသတ်မှတ်ရာ လယ်တော်အုပ်များ တိုင်းထွာပုံမညီမျှမှုကြောင့် ထိုစီရင်စုတွင် တောင်ယာခုတ်နေထိုင်ကြသည့် ဆွေတော်မျိုးတော်တို့ မခံမရပ်နိုင်ဖြစ်ကာ နေပြည်တော်သို့ လာရောက်၍ တရားစွဲဆိုရန်ပြုကြသည်။ ထိုအရေးကိစ္စ၌ ဘိုးတော်မင်းတရားကို တရားခံထား၍ စွဲဆိုရမည့်အမှုဖြစ်သဖြင့် မည်သည့် ရုံးတော်လွှတ်တော်၊ ဝန်ကြီး မှူးကြီးကမှ အမှုကို လက်ခံပြီးလျှင် ရေမြေ့သေဌ်နင်းပြည့်ရှင်မင်းကို တရားခံအဖြစ် စစ်ဆေးရန် မဆင့်ခေါ်ရဲကြပေ။ သို့သော် အမတ်ကြီး ဦးပေါ်ဦးသည် ပြည့်ရှင်မင်းကို စစ်ဆေးရန် ဆင့်ခေါ်စာကို ကိုယ်တိုင်ရေးသား သုံးနှုန်းထားပုံမှာ –
“ ……  နိုင်ငံတော်ကြီး၏ ကျက်သရေဆောင်၊ ဝင်းပြောင်ထိန်လျှပ်၊ ကျမ်းဂန်တတ်သည့် အမတ်ကြီးမင်း၊ ထင်လင်းသေချာ၊ ဆင့်ဆိုရာကို၊ နာခံမှတ်သားအပ်သည့်၊ ပတ္တမြားနဝရတ်၊ စီခြယ်တပ်သည့်၊ ပြာသာဒ်ကြီးဥကင်နေ၊ လူမွှေကြီး ထိပ်တင်ဝိုင်း ……..” ဟူ၍ ဖြစ်လေသည်။
ထိုဆင့်စာကို ဘိုးတော်ဘုရားက ပမာမပြုဘဲနေသောအခါ ထိုဆင့်စာမျိုး ထပ်မံဆက်သွင်းသည်။ ထို့ကြောင့် မင်းတရားကြီးက သံတော်ဆင့်ကြီးတစ်ဦးကိုစေလွှတ် တရားဆိုင်စေရသည်။ ဦးပေါ်ဦးက တရားလိုများနှင့် ကိုယ်စားတော် တရားခံများကို စစ်ဆေးပြီးသော် မင်းတရားကြီးအား တရားရှုံးထား၍ စီရင်ချက်ချလိုက်သည်။ ထိုစီရင်ချက်တွင် –
“မဟာမောသ၊ စောရတပိုင်း၊ မောင်လူဝိုင်း၏ အဆိုသည်။ ယွင်းယိုဖောက်ပြန်၊ မမှန်အချက် ….” များရှိ၍ တရားရှုံးပေးရကြောင်း။ “ဥာဏ်ဝိဇိန်နှင့် ကံရှိန်တင်ထူးသော” မိမိ၏ စီရင်ချက်ကို ဓားမဦးချတည်စေ” ဟု ချမှတ်ခဲ့လေသည်။
အမတ်ကြီးဦးပေါ်ဦး၏ ဥာဏ်ပညာပါရမီ ကျယ်ဝန်းထက်မြက်ပုံမှာ သက္ကရာဇ် ၁၁၅၃ခုနှစ် သုဓမ္မာပထမပြန်စာမေးပွဲကျင်းပရန် သာသနာပိုင်ဆရာတော်နှင့် ဘိုးတော်မင်းတရားကြီးတို့ ဆွေးနွေးရာမှ မာတိကာ၊ ဓာတုကထာတို့၏ များပြားကျယ်ဝန်းပုံကို ဆရာတော်ကြီးက မိန့်ကြားသည်။ ထိုအခါ မင်းတရားကြီးက မာတိကာ၊ ဓာတုကထာတို့ စာစောင်မည်မျှ၊ နယမည်မျှ၊ ပါဒမည်မျှထား၍ မည်မျှကျယ်ဝန်းပါသနည်းဟု မေးမြန်းလျှောက်ထားရာ ဆရာတော်ဘုရားကြီးမှာ ပမာဒလေခ၍ရုတ်တ ရက်မဖြေနိုင်ပေ။ အပါးတွင်ခစားလျက်ရှိသောဦးပေါ်ဦးအား ဆရာတော်ကြီးကကိုယ်စားလွှဲအပ်ရာ မင်း တရားကြီးမေးတော်မူသမျှကို ဒိုးဒိုးဒေါက်ဒေါက် ပိဋကတ်တော်များမှအာဂုံဆောင်၍ ဖြေကြားလေသ ဖြင့် ဘုရင်မင်းမြတ်သည်ဦးပေါ်ဦး၏ဥာဏ်ပညာပါရမီကို များစွာနှစ်အားရ၍ဆုလာဘ်များ ချီးမြှင့်ပေး သနားသည်။ ဆရာတော်ဘုရားကြီးကလည်း ဦးပေါ်ဦး၏ဥာဏ်ပညာပါရမီ ထူးကဲပွင့်လင်းပုံကို အကြိမ် ကြိမ်သာဓုခေါ်တော်မူလေသည်။ ဦးပေါ်ဦးသည် မင်းလျော်ဝင်သဖြင့် မင်းပျော်ရွှင်တော်မူရန် အပျော် တော်များလည်းဆက်ရသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဦးပေါ်ဦး၏ပညာပါရမီကို ဆရာတော်ဘု ရားကြီးနှင့် မင်းတရားကြီးတို့ကချီးကျူးကြရပြီးနောက် မင်းတရားကြီးကစကားစပ်လျဉ်းသဖြင့် မိမိငယ် တော်မူစဉ်ကတွေ့ဖူးသော သာမဏေကြီးတစ်ပါးအကြောင်း မိန့်ကြားသည်။ ထိုသာမဏေကြီးသည် ယင်းနေထိုင်ရာဇရပ်အပေါ်သို့ လာသမျှလူပေါင်းကလေးသူငယ်၊ ယောက်က်ျား၊ မိန်းမ မရွေးတွေ့မြင် လိုက်လျှင် ရှိခိုးလွှတ်တတ်သည်။ အခြားသူတို့ကသာမဏေကြီးကိုရှိခိုးလျှင် မခံမရပ်နိုင်ဖြစ်ပြီးလျှင် အော်ငိုတတ်သည်မှာ အဘယ်ဝဋ်ကြွေးကြောင့်နည်းဟု မင်းတရားကြီးကဦးပေါ်ဦးအား မေးတော်မူ သည်။
ဦးပေါ်ဦးကထိုသာမဏေကြီးသည် လွန်ခဲ့သောအတိတ်ဘဝတွင် ရှင်ဘုရင်သော်လည်းကောင်း သာသနာပိုင်ဆရာတော်ကြီးသော်လည်းကောင်း ဖြစ်ခဲ့၍ ထိုစဉ်ကတစ်ရာ့တစ်ပါးသောလူမျိုးတို့၏ မသဒ္ဓါ ရေ၊ သဒ္ဓါရေ ရှိခိုးခြင်းခံခဲ့ရသောကြောင့် ယခုဘဝတွင်ပါခဲ့သော ရှိခိုးကြွေးတို့ကိုမပြေမချင်းဆပ် နေဟန်တူပါကြောင်း လျှောက်ထားလေရာ မင်းတရားကြီးကပေါ်ဦးအရူးကိုမေးရလျှင် သည်နည်းများ သည် များချေသည်ဟု ရယ်ရွှင်မိန့်ကြားသည်။ သာသနာပိုင်ဆရာတော်ကြီးကမူ မောင်မင်းအရှင် ဘု ရင်ဧကရာဇ်ကို မောင်မင်းဘယ်လိုပြောပြော ငါ့ဆီကိုဖြင့်မစောင်းပါနှင့် မချိပ်ပါနှင့်ဟု ပြုံး၍ပြန်ကြွသွား ရလေသည်။ 
ဦးပေါ်ဦးသည် စိန္တာက၀ိပရိယာယ်ဖြင့် မင်းမျက်သင့်ခြင်းမှတစ်ခါလွတ်ဖူးသည်။ အမတ်ကြီး အားမင်းကချစ်ခင်မြတ်နိုး အလိုလိုက်မြှောက်စားသည်တစ်ကြောင်း၊ အရေးအခင်းကိစ္စရှိက ဦးပေါ်ဦး ဆောင်ရွက်ပေးလျှင်အောင်မြင်သည်ကတစ်ကြောင်းတို့ကြောင့် ဦးပေါ်ဦးထံဝင်ထွက်ဆည်းကပ်သူများ ပြားသည်။ ထိုအခါဦးပေါ်ဦးအား မလိုမုန်းထားသူမှူးမတ်တစ်စုက ဘိုးတော်မင်းတရားကြီးအား ပုန် ကန်ရန်လူစုကြံစည်နေသည်ဟု ချောပစ်စကားအကြိမ်ကြိမ်လျှောက်ထားကြသည်။ တစ်ကြိမ်၊ နှစ်ကြိမ် လျှောက်ထားချိန်က မယုံမကြည် အရေးမယူခဲ့သော်လည်း ကြိမ်ဖန်များလတ်သော် စုံစမ်းကြည့်ရန်အ ကြံဖြစ်ပေါ်လာသည်။ ထို့ကြောင့်ညဥ့်ညီလာခံအစဲတွင် ဦးပေါ်ဦးအားခေါ်ထားပြီးလျှင် ဘိုးတော်ဘုရား သည်ထီးနန်းစည်စိမ်ကိုငြီးငွေ့၍ တောထွက်ရန်အကြံဖြစ်သည်။ အခါအခွင့်သင့်ပါမည်လောဟုမေး တော်မူသည်။ ဦးပေါ်ဦးကလည်းခါတိုင်းကဲ့သို့ပင် သဘောရိုးထင်မှတ်ကာ တရားသံဝေဂတို့လျှောက် ထားပြီးသော် နက္ခမပါရမီဖြည့်နိုင်လျှင် သင့်မြတ်ပါကြောင်းလျှောက်ထားသည်။ ထိုအခါမင်းတရားကြီး သည် မိမိအားထီးနန်းစွန့်စေလိုတော့၍တင်လျှောက်ခြင်းဟု အထင်အမြင်မှားတော်မူကာ ရွှေမျက်နှာေ တော်ပျက်၍ ရုတ်ခြည်းထပြီးလျှင်အတွင်းတော်ဝင်သွားလေသည်။
ဦးပေါ်ဦးသည် ကိုယ်စိတ်မချမ်းမသာဖြစ်၍ကျန်နေခဲ့ရာမှ နေအိမ်သို့အလျင်အမြန်ပြန်ခဲ့ပြီး နောက် မအိပ်မနေအကျိုးအကြောင်းကိုဆင်ခြင်သည်။ မိုးသောက်ယံကျမှအကြောင်းအရင်းမှန်ကိုတွေး ဆမိသဖြင့် ဆံမုတ်ဆိတ်တို့ကိုပယ်၍ ပိတ်ဖြူဆီးကာ ပုတီး၊ တောင်ဝှေးတို့ကိုစွဲကိုင်ပြီးသော် အခစား ဝင်ခဲ့သည်။ အချိန်မဟုတ် ဘိုးသူတော်ရုပ်ဖြင့်အခစားဝင်လာသောကြောင့် မင်းတရားကြီးကမေးမြန်း တော်မူလျှင် သိဒ္ဓတ္ထမင်းသားတောထွက်သောအခါ နောက်တော်ပါးကဆန္ဒလိုက်ပါသကဲ့သို့ အရှင်မင်း တရားတောထွက်လျှင် ဖဝါးထက်ကြပ်လိုက်ပါ၍ ပါရမီဖြည့်လိုသဖြင့် လာစောင့်ပါကြောင်းလျှောက် ထားသည်။ ထိုအခါမင်းတရားကြီးသည် ပေါ်ဦးကားငါ့အားတကယ်ချစ်မြတ်နိုးသည်။ သင်း ပုန်ကန်ရန် ကြံစည်သည်ဆိုသည်မှာ အခြားမှူးမတ်တို့ကုန်းချောခြင်းသာဟု ဆင်ခြင်မိ၍ အမျက်တော်ပြေရပြန် လေသည်။ 
အမတ်ဦးပေါ်ဦးသည် စကားပရိယာယ်ကြွယ်ဝစွာနှင့် စကားစစ်ထိုးနိုင်မှုကြောင့် တရုတ်နိုင်ငံ နှင့်မြန်မာနိုင်ငံတို့အချင်းများမည့်အရေးမှလည်း ကင်းလွတ်ပြေငြိမ်းခဲ့ရသည်။ တစ်ခါတစ်ပါးတွင် နေ ပြည်တော်တရုတ်ကြီးတန်းရှိ တရုတ်လူမျိုးငရွှေကြည်၏ ခေါက်ဆွဲဖိုမှစတင်သောမီးကြောင့် နေပြည် တော်အ၀န်း နန်းတော်၊ ရုံးတော်၊ လွှတ်တော်နှင့်နေအိမ်တိုက်တာများပါ မီးသင့်ကာဘုရင်နှင့်တကွနေ ပြည်တော်သူ နေပြည်တော်သားအားလုံး စိတ်နှလုံးမချမ်းမသာဖြစ်နေကြသည်။ ထိုအချိန်တွင်တရုတ် မင်းကစေလွှတ်သော သံအဖွဲ့ဝင်တို့သည်ကုန်ဝယ်ရန်ရောက်လာပြီးလျှင် ရန်ကင်းတောင်အနီးစခန်းချ နေခိုက် စစ်ကိုင်းမင်းသား၏အိမ်တော်သားများသည် တရုတ်တို့ထံပါလာသောကုန်ဝယ်ရန် ငွေရှစ်သိန်း ကိုဓားပြတိုက်လုယူကြကာ တရုတ်တို့ကိုလည်းထုထောင်းရိုက်နှက်၍ ကုန်တင်ရန်ပါလာသော လားအ ကောင်ရေခုနှစ်ထောင်ကျော်ကိုလည်း ကစဥ့်ကရဲလွှတ်ပစ်ခဲ့ကြသည်။ ထို့အတွက်တရုတ်သံအဖွဲ့ဝင်တို့ က တရုတ်မင်းထံအကြောင်းကြားအမိန့်ခံပြီးလျှင် ဓားပြတိုက်သူများကိုဖမ်းဆီးပြီးတော့ သူတို့လက် အပ်ရန် သို့မဟုတ် ဆုံးရှုံးမှုအတွက် ငွေတော်ကိုးသိန်းလျော်ကြေးပေးရန် ဘိုးတော်မင်းတရားထံတင် လျှောက်တောင်းကြလေသည်။ 
နေပြည်တော်အားလုံးမီးသင့်ထား၍ များစွာပျက်ဆီးဆုံးရှုံးနေခိုက် မီးလောင်ရာလေပင့်လာ သောထိုကိစ္စတွင် လျှော်ကြေးပေးရန်လည်းမတတ်နိုင် ဓားပြတိုက်သူများအားဖမ်းဆီး၍ သူတို့လက် အပ်ရန်လည်းမဖြစ်နိုင်သဖြင့် ထိုအရေးကိုမင်းတရားကြီးက ဦးပေါ်ဦးကနေပြည်တော်အားလုံးပြာကျ အောင်မီးစပျိုးခဲ့ပြီးနောက် တရုတ်နိုင်ငံသို့လက်လွတ်ထွက်ပြေးသည့် ငရွှေကြည်ကိုတရုတ်မင်းက တ ရုတ်နိုင်ငံ၌ရှာဖွေ၍ မြန်မာမင်းအားဆက်သနိုင်လျှင် တရုတ်သံမင်းတို့တောင်းဆိုသောငွေကို အပြေအ ကြေပေးပါမည်ဟုဆိုသည်။ တရုတ်သံမင်းတို့က ငရွှေကြည်ကိုဖမ်းပေးရန် ရှာဖွေ၍မတွေ့ကြောင်းပြန် ကြားသောအခါ ဦးပေါ်ဦးကနေပြည်တော်အလုံးမီးလောင်ကျွမ်း၍ ကုဋေရှစ်ဆယ်မကဆုံးရှုံးစေသော မူ လမီးရှင်ငရွှေကြည်တစ်ယောက်ကိုသာဖမ်းဆီးပေးရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။ ငရွှေကြည် ကြောင့်ဆုံးရှုံးရမှုကိုမဟာမိတ်မပျက်စေရန်မတောင်းခဲ့ပါ။ ထိုတစ်ယောက်ကိုပင် သံမင်းတို့ဘက်မှဖမ်း မပေးနိုင်ဟုပြန်ကြားသည်။ သံမင်းတို့တောင်းဆိုသောဓားပြတို့မှာ လူများစွာဖြစ်၍ဖမ်းဆီးအပ်နိုင်ရန် ကျွန်ုပ်တို့အတွက်ခက်ခဲလှပါသည်။ သံမင်းတို့ပျက်စီးဆုံးရှုံးမှုမှာ ငရွှေကြည်ကြောင့်ကျွန်ုပ်တို့ပျက်စီးဆုံး ရှုံးမှုနှင့်စားသော် ရယ်ဖွယ်မျှသာဖြစ်၍ နိုင်ငံအချင်းချင်းမိတ်မပျက်မလိုပါလျှင် တောင်းခံရန်ပင်မသင့်ဟူ သော အဓိပ္ပါယ်ပါသည့် စကားပရိယာယ်ဖြင့်ပြောကြားသည်။ 
ထိုအခါတရုတ်သံတို့သည် တရုတ်မင်းထံပြန်လည်အကြောင်းကြားလေသော် နိုင်ငံချင်းရင်းနှီး ခဲ့သည်ကိုမိတ်မပျက်စေလိုသောကြောင့် တရုတ်မင်းကလျော်ကြေးတောင်းခံခြင်းမပြုကြတော့ဘဲ ပြန် လာရန်တရုတ်သံအဖွဲ့ဝင်တို့အား အမိန့်ပြန်ကြားလိုက်လေသည်။ 
ယင်းသို့ဖြင့်ဦးပေါ်ဦး၏စကားပရိယာယ်ကြွယ်ဝစွာဖြင့် စကားစစ်တရားစစ်ထိုးနိုင်မှုကြောင့် တ ရုတ်တို့နှင့်အကြည်အသာ အရေးပြီးမြောက်အောင်မြင်ခဲ့လေသည်။ အမတ်ကြီးဦးပေါ်ဦး ကွယ်လွန်အ နိစ္စရောက်သော သက္ကရာဇ်နှင့်ပတ်သက်၍ မြန်မာစာညွှန့်ပေါင်းကျမ်းဒုတိယအတွဲတွင် “သက္ကရာဇ် ၁၂ဝဝပြည့်နှစ်၊ အသက်(၇၉)နှစ်”ဟုပြဆိုသည်။ “အမတ်ကြီးဦပေါ်ဦးလျှောက်ထုံးဖြစ်သော က၀ိ သေတ္တုမဉ္ဇူသာကျမ်း၌မူ ‘၁၂ဝ၅ခုနှစ်၊ အသက်(၈၄)နှစ်’ဟု ပြချေသည်။ ဤအဆိုနှစ်ရပ်ကိုစိစစ်သော် သက္ကရာဇ်၁၂ဝဝပြည့်နှစ်၊ အသက်(၇၉)နှစ်တွင်ကွယ်လွန်အနိစ္စရောက်ကြောင်းကိုပြသော ‘မြန်မာစာ ညွှန့်ပေါင်းကျမ်း’ ဆိုသည်က အမှန်နှင့် ပို၍နီးစပ်သည်ဟုဆိုရပေမည်။ သို့ဆိုရခြင်းအကြောင်းမှာ မြန်မာစာညွှန့်ပေါင်းကျမ်းတွင်ဦးပေါ်ဦးသည်ကွယ်လွန်အနိစ္စရောက်ပြီးသည့်နောက် မိမိ၏နောက်သို့ ပစ္စည်းတစ်စုံတစ်ရာကိုမျှယူ၍မသွားနိုင်။ လက်ချည်းသာသွားရလေသည်ဟု လူအများကိုသိစေခြင်းငှာ မိမိ၏လက်ယာလက်တစ်ဖက်ကို‘ခေါင်း’အပြင်သို့ထုတ်ချ၍ လက်ဝါကိုပြထားစေရန်သားမယားတို့ ကိုမှာထားခဲ့သည်”ဟုဆိုထားသည်။‘က၀ိသေတ္တုပဉ္ဇူသာ’ကျမ်းတွင်မူကား အထက်ပါမှတ်သား ချက်နှင့်တစ်ပြေးညီစွာပင်ဆိုသည်သာမက‘ခေါင်း’ ၏အပြင်ဘက်သို့လက်ထုတ်ထားရခြင်းအကြောင်း နှင့်ပတ်သက်၍ ရဟန်းရှင်လူတို့ အုတ်ကျက်သောင်းလဲ ပြောဆိုခြင်းပြုကြရကား ဘ၀ရှင်မင်းတရားကြီးက ရွှေမြို့တော်လေးပြင်ရပ်ရှိ ကျမ်းတတ်အကျော်တံဆိပ်ရ၊ မရ ဆရာတော်တို့ကို နန်းတော်သို့ပင့်ဖိတ်လျှောက် ထားတော်မူပုံ၊ ထိုအခါ မည်သည့်ဆရာတော်ကမျှ တစ်ခွန်းတစ်ပါဒမျှမိန့်ဆိုတော်မမူရကား ‘စက္ကိန္ဒာဘ သီရိပ၀ရလင်္ကာရ သဒမ္မပါလ က၀ိဓဇ မဟာဓမ္မရာဇာဓိရာဇာဂုရု’ တံဆိပ်နာမံတော်ခံ ‘မဟာအောင်မြေစံ’ အုတ်ကျောင်းဆရာတော်ဦးဗုဓ်က ‘ဦးပေါ်ဦးသည်ပစ္စည်း၊ ဥစ္စာ၊ ရတနာ၊ ရွှေငွေ အထွေထွေအားဖြင့် အလွန်တရာမှကြွယ်ဝသော အမတ်ကြီးတစ်ပါးပင်ဖြစ်၏။သို့ရာတွင်မိမိဘဝတစ်ပါးသို့ကူးပြောင်းသွားရအခါ အဏုမြူခန့်သောဥစ္စာ ကိုမျှယူဆောင်ခြင်းငှာမစွမ်းနိုင်ရာသဖြင့်မပါလက်ချည်းသာသွားရသည်ကို နေပြည်တော်ရှိလူတလွှား တို့ မိမိအားကြည့်၍ သတိသဓမ္ပဇညတရာပွားများရှိရစ်ကြစေရန် ရည် သန်ရွယ်စူးလျက် ‘ခေါင်း’ ၏အပြင်ဘက်သို့ မိမိ၏လက်ကိုထုတ်ကာပြစေခြင်းသာဖြစ်သည်’ ဟုအမိန့် တော်ရှိကြောင်းနှင့်လည်း အကျယ်တ၀င့်ဖော်ပြပါရှိသည်။ဤတွင်အုတ်ကျောင်းဆရာတော်ဦးဗုဓ်က ဖွင့်ဆိုမြွက်ကြွားဖူးကြောင်း နှင့် အခြားအမှတ်အသားများလည်း များစွာရှိသည်။ ဆရာစဉ်လည်းပြောစ မှတ်ပြုခဲ့သည်။ သို့ရာတွင် ဆရာတော်ဦးဗုဓ်က ထိုစကားရပ်များကို ဖွင့်ဆိုမြွက်ကြွားလာသည့်အချိန်အခါမှာ ‘က၀ိသေတ္တုမဉ္ဇူသာ’  ကျမ်းတွင်လာသကဲ့သို့သက္ကရာဇ် ၁၂ဝ၅ခုနှစ်၊ တပို့တွဲလဆန်း(၈)ရက်၊ အင်္ဂါနေ့ဟုတ်သလားဟူငြားအံ့။ ထိုအချိန်အခါသည်မဟုတ်ဟုဆိုရပေမည်။အကြောင်းသော်ဆရာတော်ဦးဗုဓ်သည် ထိုအချိန်တော် တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါးခန့်နီးသော သက္ကရာဇ် ၁၂၀၄ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့ကပျံလွန်ခဲ့ပြီးဖြစ်သောကြောင့်တည်း။သို့ဖြစ်ရကားမြန်မစာညွှန့်ပေါင်းကျမ်းတွင် ပြဆိုထား သကဲ့သို့ သက္ကရာဇ် ၁၂ဝဝပြည့်နှစ်တွင် ဦးပေါ်ဦး၏ အနိစ္စရောက်၍ ရဟန်းရှင်လူ တို့အပေါ်တွင်ထားခဲ့သော ဦးပေါ်ဦး၏စေတနာအကြောင်းတရား၊ သံဝေဂရဖွယ်ရာအကြောင်းတို့ကို ဆရာတော်ဦးဗုဓ်က ဖွင့်ဆိုမြွက်ကြွားခြင်းဖြစ်ပေသည်။ 
ထို့ပြင် ‘က၀ိသေတ္တုမဉ္ဇူသာ’ ကျမ်းတွင်ဖော်ပြပါရှိသည့် ဦးပေါ်ဦး၏လျှောက်ထုံးများမှာလည်း ခုနှစ်သက္ကရာဇ်နှင့်အပြီးကမ္ပည်းခေါင်းစဉ်များထိုးမှတ်ပါရှိရာ သက္ကရာဇ် ၁၂ဝဝပြည့်နှစ်သို့အပြောင်း တွင်ဘဝရှင်မင်းတရားကြီး နှစ်သစ်ကန်တော့ခံထွက်တော်မူရာ၌ အမတ်ကြီးဦးပေါ်ဦး၊ ဘိုးသူတော်ဦး မင်းနှင့်စာဆိုတော်ဦးမင်းတို့ ဘုရင့်အမိန့်တော်အရ (၁၂)ရာသီဖွဲ့ရေးသားဆက်သွင်းကြရကြောင်း၊ ထို အခါအမတ်ကြီးဦးပေါ်ဦးက ‘ဆယ့်နှစ်လီဒွာရမှာ၊ ခါမိဿရာသီ’ ချီ (၁၂)ရာသီဖွဲ့တေးထပ်များ ဆက် သွင်းကြောင်းနှင့် နောက်ဆုံးမှတ်သားချက်ကိုတွေ့ရသည့်နောက် ကဗျာ၊ လင်္ကာများကိုရေးသားဆက် သွင်းရသည်ဟူ၍လည်းကောင်း အမှတ်အသားမတွေ့ရတော့ချေ။ ထို့ကြောင့်ဦးပေါ်ဦးသည် သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်၊ တပို့တွဲလဆန်း (၈)ရက် (ခရစ် ၁၈၉၃၊ ဇန်န၀ါရီလ ၂၂၊ အင်္ဂါနေ့တွင်)ကွယ်လွန်သည် ဟု ဆရာဒဂုဏ်၏ မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်း၊ ဗေဒင်ပညာတတိယတွဲစာအုပ်တွင်ဖော်ပြ ထားသည်။ 
စာကိုး
 (က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၆၊ စာ ၃၇၃၊ ၃၈၁
 (ခ) မောင်သုတ ‘စာဆိုတော်များအတ္ထုပ္ပတ္တိ’ စာ ၃၁၃၊ ၃၁၆
 (ဂ) သန်းဝင်းလှိုင်၊ အကျော်ဇေယျစာဆိုတော်များ၊ စာ ၅၆၁
 
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၈၊ ၂၀၁၃
 

ဘိုးတော်ဘုရားရဲ့ ခြင်္သေ့ကြီးများနဲ့ ဦးပေါ်ဦး


 
မင်းကွန်းက ပုထိုးတော်ကြီးဘုရားကို ရောက်ချိန်မှာ နေအတော်မြင့်နေပြီ။ အညာနွေရဲ့ မွန်းတည့်လု နေပူဒဏ်ကို မခံနိုင်တာကြောင့် ပုထိုးတော်ကြီး အပေါ်ကို မတက်ဖြစ်ခဲ့ဘူး။ ပုထိုးတော်ကြီးဘုရားကနေ အရှေ့ဘက်ကို မျှော်ကြည့်လိုက်တော့ ဧရာဝတီမြစ်ကြီး … ပြီးတော့ ခြင်္သေ့လို့တောင် မပီပြင်တော့တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ကြွင်းကျန်ရစ်သော အပိုင်းအစတွေ။ သမိုင်းထဲက ခြင်္သေ့ကြီးတွေရဲ့ ရုပ်ကြွင်းတွေ ... ဆိုပါတော့ ... ။ ပုထိုးတော်ကြီးနဲ့ ခြင်္သေ့ကြီးရဲ့ ရုပ်ကြွင်းတွေကို ကြည့်ပြီး ဘိုးတော်ဘုရားနဲ့ ဦးပေါ်ဦးကို သတိတရ ဖြစ်မိသွားတယ်။

ဘိုးတော်ဘုရားရဲ့ အမိန့်တော်အရ ပုထိုးတော်ကြီး အနီးမှာ တည်ဆောက်ထားတဲ့ ခြင်္သေ့ကြီးတွေ ပြီးခါစမှာ ဦးပေါ်ဦးက လာကြည့်ပြီး
"ခြင်္သေ့ကြီး ခြင်္သေ့ကြီးတွေနဲ့ နာမည်ကြီးနေလိုက်တာ ခု ... ကြည့်တော့လဲ ..."
လို့ ဝေဖန်ဖို့ စကားအစ ... ခြင်္သေ့ကြီးတွေနောက်မှာ ပုန်းနေတဲ့ ဘိုးတော်ဘုရားက ရုတ်တရက် ထွက်လာပြီး ...
"ဟဲ့ ပေါ်ဦး ဆက်ပြောလေ ခု ကြည့်တော့ ဘာဖြစ်သလဲ ... "
လည်း ဆိုရော ... ဦးပေါ်ဦးက
"ကြည့်တော့လဲ အသက်ဝင်လိုက်တာ ဧရာဝတီမြစ် တဖက်ကမ်းကို ခုန်ကူးတော့မယ့် အလားပါပဲ ဘုရား" ...
လို့ တမုဟုတ်ချင်း အလျှောက်ကောင်းလို့ အထောင်းသက်သာခဲ့ရတယ်။
.
ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ စတင်ပန္နက်ချပြီး ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဖြစ်အောင် အမြင့် ပေ ၅၀၀ ထိ ဆောက်လုပ်မယ်လို့ရည်ရွယ်ခဲ့ပါသတဲ့။ ဒါပေမဲ့ အဲဒီအချိန်မှာ "ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်၊ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ်" ဆိုတဲ့ တဘောင် ပေါ်လာတော့ အယူတော်မင်္ဂလာ ဦးနိုးက ... "ဘုရားကြီး ပြီးရင် တိုင်းပြည်ပျက်မယ်၊ မုဆိုးဘိုဆက်လို့ ခေါ်တဲ့ ကုန်းဘောင်မင်းဆက်လည်း ပျက်မယ်" လို့ နိမိတ် ကောက်ခဲ့တယ်။ ဒါနဲ့ပဲ ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို အပြီး မသတ်စေဘဲ အမြင့် ၁၆၂ ပေမှာ ရပ်ခဲ့တယ်လို့ ဆိုပါတယ်။
.
ဒါ့အပြင် ဘိုးတော်ဘုရားဟာ ဉာဏ်တော်မြင့်မားတဲ့ ပုထိုးတော်ကြီးနဲ့ လိုက်ဖက်ညီအောင် ပုထိုးတော်ကြီး အရှေ့ဘက် ဧရာဝတီမြစ်ကမ်း နဖူးမှာ အမြင့်ပေ ၉၅ ပေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို ဆောက်လုပ် တည်ထား စေခဲ့တယ်။ ခြင်္သေ့ကြီးတွေဟာ အင်မတန်ကြီးမားပြီး ခြေသည်း လက်သည်းရဲ့ အလျားက ၅ ပေခွဲ၊ လုံးပတ်က ၄ ပေ ခွဲ ရှိပါသတဲ့။ ခြင်္သေ့ကြီးရဲ့ မျက်လုံးမှာ တပ်ဆင်တဲ့ ကျောက်မျက်လုံးကြီးရဲ့ လုံးပတ်အဝန်းဟာ မတပ်ဆင်ခင် တိုင်းတာချက်အရ ၁၃ ပေရှိတယ်လို့ ဆိုပါတယ်။ နည်းနည်းနောနော ကြီးမားတဲ့ ခြင်္သေ့ကြီးတွေ မဟုတ်ပါဘူး။
.
ဘယ်လောက်ပဲ ကြီးမားခန့်ညားစွာ တည်ဆောက်ခဲ့ပဲပေမယ့် တချိန်မှာတော့ ပျက်စီးရစမြဲ ... ။ ၁၁၅၅ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တဲ့ ခြင်္သေ့ကြီးတွေဟာ ၄၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှာတော့ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီး ခဲ့ရပါတော့တယ်။ ပျက်စီးသွားတဲ့ ခြင်္သေ့ကြီးတွေကိုလည်း ဘယ်သူမှ ပြုပြင်ခြင်းမရှိတာကြောင့် ခုမြင်တွေ့ရတဲ့အတိုင်း ခြင်္သေ့ ငုတ်တိုကြီးတွေ ဘဝနဲ့ လာသမျှလူ ဓာတ်ပုံရိုက်သမျှ ခံနေရရှာတာပါပဲ။
.

ကိုယ်တိုင်လည်း ဒီခြင်္သေ့ပျက်ကြီးတွေကို ဓာတ်ပုံရိုက်ယူရင်း တဖက်ကမ်းကို ခုန်ကူးတော့မယ့်အလား ဦးပေါ်ဦးနှုတ်ဖျားမှာ အသက်ဝင်ခဲ့တဲ့ တခါက ခြင်္သေ့ကြီးတွေကို ပြန်မြင်ယောင် တွေးတောနေမိတယ်။
ကြွင်းကျန်ရစ်တဲ့ ခြင်္သေ့ကြီးရဲ့ ကိုယ်ထည် အပိုင်းအစပေါ်မှာတော့ ‪အမှိုက်မပစ်ရ ဒဏ်ငွေ ၅၀၀၀ လို့ ထုံးနဲ့ ကမ္ဗည်းထိုးထားလေရဲ့။
***
Credit   ..by
မေဓာဝီ
၂၀ ၊ ၀၃ ၊ ၂၀၁၆
၁၆း၃၆ နာရီ

ဆရာတော်ဦးဗုဓ်နှင့် ဦးပေါ်ဦး


ဆရာတော်ဦးဗုဓ်နှင့် ဦးပေါ်ဦး
ကုန်းဘောင် ဘကြီးတော် ဘုရားလက်ထက်၌ ဆရာတော် ဦးဗုဓ်သ
ည် နှုတ်နည်းသည်။ သမာဓိအရာ၌ လက်ဖျားခါရ၏။ ကျောင်းဒ
ါယကာ မင်းနှင့် မိဖရားကိုပင် စကားအပိုမပြော။ အချိန်ရှိသ
ရွေ့ သူစာသူ ကြည့်နေတတ်၏။ အထူးသဖြင့် မည်သူ့ကိုမျှ စတင်
၍ နှုတ်ဆက်ခြင်း၊ မေးမြန်းခြင်း အလေ့မရှိ။ တစ်နေ့
ဦးပေါ်ဦးသည် ထိုအကြောင်းကိုကြားသဖြင့်
" ...ကျုပ်ကိုယ်တိုင် သွားပြီး စကားလျှောက်ထားမယ်..ကြည့်နေ
ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင်
စကားပြန်ပြောမှာဗျ" ဟူ၍ ပြောဆိုပြီး ဆရာတော်ဦးဗု
ဓ် သီတင်းသုံးရာ ကျောင်းသို့ သွားပါလေတော့၏။
ဆရာတော်အပါးသို့ ရောက်လေသော် ပြောစရာမရှိ ပြော
စရာစကားကိုရှာရင်း အနီးအပါးရှိ ရေကန်ကြီးကို မြင်လိုက်
ရကာ...
" ဟောဒီရေကန်ကြီးဟာ အတော်လေး ကောင်းလှပါလား ဘုရ
ား"
" အေးကောင်းတယ်"
" ရေကလည်း သိပ်ကိုကြည်နေတာပါပဲလား ဘုရား"
" အေး ကြည်တယ်"
"ဒါထက် ဒါထက် ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲ ဘု
ရား"
" ငါမသိဘူး"
" ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို
့ နီးတဲ့အတွက် သိလိမ့်မယ် အထင်နဲ့ လျှောက်ထားမိတာပါ ဘုရာ
း"
" ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့ နှုတ်ခမ်း
မှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ"
" ဒါ...ဒါတော့ သတိမထားမိလို့ မ...မသိကြောင်းပါဘုရာ
း"
" အေး....ဒကာကြီးရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ အမွေး
ကိုတောင် ဘယ်နှပင်ရှိမှန်းမသိရင် ကျုပ်ဘည်း ရေကန်ရဲ့ အနက်ကိုမ
သိနိုင်ဘူး..သွားတော့..."
" တင်ပါ့...ဘုရား"
သို့ဖြင့် ပညာရှိအမတ်ကြီး ဦပေါ်ဦးလည်း မသက်မသာ ခံစား
ရပြီး လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရလေသတည်း။

အလောင်းမင်းတရားကြီးကို စိန်ခေါ်တိုက်ခိုက်ခဲ့သူ ခင်ဦးစား ဦးချစ်ညို ဆိုသည်မှ


ခင်ဦးစား ဦးချစ်ညိုကား ဦးအောင်ဇေယျနှင့် သင့်မြတ်မှု မရှိသောကြောင့် မွန်များနှင့် သွားရောက်ပူးပေါင်းခဲ့သော်လည်း အင်းဝပျက်စဉ်က သူသည် မိမိအပိုင်စားရရာ ခင်ဦးနယ်သို့ပြန်ကာ မင်းလောင်းတစ်ဦးအနေဖြင့် တပည့်နောက်လိုက်များ သိမ်းသွင်းနေခဲ့သည်။ သို့သော် ဦးချစ်ညိုသည် သမိုင်းဝင်တဘောင်အရ မင်းလောင်းကား မဟုတ်ချေ။ အကြောင်းမှာ ”ဖိုသုံးဖို တစ်ဖိုမီးတောက်မည်” ဟူသော တဘောင်စာအရ (၁) နဂါးဗိုလ်မှ ရွှေနဂါး (၂) မုဆိုးဖိုမှ ဦးအောင်ဇေယျ (၃) မတ္တရာအုတ်ဖိုမှ ကွေ့မင်းဂုဏ္ဏအိမ် တို့ကိုသာ ရည်ညွှန်းသည်။
ထိုတဘောင်သည် အင်းဝမပျက်ခင် လွန်ခဲ့သော၁၀နှစ်ကပင် ပေါ်ပေါက်ခဲ့သည်။ အင်းဝပျက်သောအခါ မြန်မာအရာရှိအရာခံများသည် ထိုဖို(၃)ဖိုထံ ကြိုက်ရာရွေးချယ် ပါဝင်ကြသည်။ ဦးချစ်ညိုကား တဘောင်၌ မပါဝင်သော တသီးပုဂ္ဂလမင်းလောင်းဟု ဆိုရပေမည်။ အလားတူ မုဆိုးချုံမှ ဦးတွန်ကလည်း မင်းလောင်းပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲလိုသည်။ သို့သော် ရှမ်းပြည်မှဆေးပညာလေ့လာဆည်းပူးပြီး အပြန်တွင် ဦးအောင်ဇေယျနှင့် ဆုံတွေ့ရာမှ ဦးအောင်ဇေယျ၏ ဘုန်းလက်ရုံးကို ရိုသေသောကြောင့် တစ်စင်မထောင်တော့ပဲ နောက်လိုက်ဖြစ်သွားသည်။ (အလောင်းမင်းတရား၏ ကုန်းဘောင်ပြည်ထောင်ဘက် မြင်းရည်တက်သူရဲကောင်း၆ကျိပ်တွင် မင်းခေါင်နော်ရထာဘွဲ့ခံ စစ်သူကြီးမှာ ဦးတွန်ဖြစ်သည်)။
အင်းဝကောင်းစားစဉ်က ခင်ဦးစားဦးလုံသည် မင်းကြီးကျော်စွာဘွဲ့ဖြင့် အမှုတော်ထမ်းသည်။ ဇနီးဒေါ်ဇံကလားသည် နက္ခတ်ဗေဒင် တတ်မြောက်သည်။ သူတို့၌ သား၃ယောက်ရှိရာ မောင်ချစ်ဝ မောင်ချစ်ညို မောင်ချစ်မြတို့ ဖြစ်၍ သားလတ် မောင်ချစ်ညိုကို အင်းဝဘုရင်ကပင် လကျာင်္ပျံချီဘွဲ့ပေးကာ ခင်ဦးစားအဖြစ် ခန့်အပ်ခဲ့သည်။ ထိုမိသားစုတွင် မျိုးစပါး၂တင်းခွဲကြဲရသော လယ်ကွက်ရှိရာ လယ်ရိတ်ချိန်ဖြစ်၍ မိခင်ဖြစ်သူက ကောက်ရိတ်သမား၅ယောက်အတွက် ထမင်းထုတ်များ မောင်ချစ်ညိုသို့ပေးကာ လယ်ရိတ်ခိုင်းလိုက်သည်။ မောင်ချစ်ညိုက လူရှာမရသဖြင့် ၅ယောက်ရိတ်ရမည့် လယ်ကွက်ကို သူတစ်ယောက်တည်းရိတ်ကာ ၅ယောက်စာ ထမင်းထုတ်ကိုလည်း သူတစ်ယောက်တည်း အဝစားပစ်လိုက်ရာ ကြားရသူတိုင်း တအံ့တသြ ချီးမွမ်းကြသည်။ အင်းဝဘုရင်၏လူယုံ တောင်ငူရာဇာခေါ်စဥ့်ကိုင်ဗိုလ်မှူးက မင်းလောင်းဆိုသော ဦးချစ်ညိုနှင့် ဦးအောင်ဇေယျတို့ နှစ်ယောက်ကိုခေါ်ယူစစ်ဆေးသည်။

ဦးချစ်ညိုသ အရပ်အမောင်းကောင်း၍ စွမ်းပကားကြီးသော်လည်း သူ၏ကျောမှာ ကျောမွဲကြီးဖြစ်လျှက် ဥပဓိရုပ်ချွတ်ယွင်းသည်ကို တွေ့ရသည်။ ဦးအောင်ဇေယျမှာမူကား မင်းလောင်းသမုတ်သည်မှာ မလိုသူတို့ ချောပစ်ခြင်းသာဟု ဖြေဆိုသော်လည်း ပြောဆိုနေထိုင်ပုံပြေပြစ်လျှက် ဆွေမျိုးအသိုင်းအဝိုင်း တောင့်တင်းကြောင်း သိရသည်။ တောင်ငူရာဇာက မုဆိုးဖိုရွာ ရွှေတန်ဆာဘုရားအနီး၌ ယာယီနန်းတော်တစ်ခု ဆောက်လုပ်ကာ သူကိုယ်တိုင် ခေတ္တစံမြန်းခြင်းဖြင့် ယတြာချေသည်။ ”ယတြာကောင်းလျှင် မင်းလောင်းပျက်သည်” ဆိုသည့်အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့၏ တိုက်ပွဲ ဦးချစ်ညိုကား မြင်းစီး လှံထိုး ကြိုးပစ် စသော သူရဲကောင်းအတတ်၌ ကျွမ်းကျင်သည်။
သူ့မိခင်ဒေါ်ဇံကလားကလည်း ”သား.. မင်းဖြစ်လိုလျှင် မုဆိုးဖိုသား အောင်ဇေယျကို သုတ်သင်ပစ်ရမည်။ အောင်ဇေယျသည် ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင် မသုတ်သင်နိုင်ခဲ့သော် အခက်ကြုံလိမ့်မည်။ သူ့ကိုမရလျှင် အင်းဝသို့ဝင်၍ မွန်တို့ထံ ကျွန်ခံလေ” ဟုဆိုသည်။ ဒေါ်ဇံကလားက ဗေဒင်အခါပေးကောင်း၍ တစ်နေ့၌ ”ယနေ့သည် အခါကောင်းသောနေ့ဖြစ်၍ မုဆိုးဖိုသားကို အဖမ်းအယူထွက်လော့”ဟု ဆိုလေသောကြောင့် ဦးချစ်ညိုသည် ညီဖြစ်သူ မောင်ချစ်မြကိုခေါ်ကာ မုဆိုးဖိုရွာသို့ ထွက်လာခဲ့သည်။
ထိုနေ့၌ပင် ဦးအောင်ဇေယျကလည်း ဦးချစ်ညိုကို စည်းရုံးသိမ်းသွင်းရန် ခင်ဦးမြို့သို့ မြင်းစီး၍ ထွက်လာသည်။ ဦးချစ်ညိုသည် ”စစ်မှုရေးရာကျွမ်းကျင်၍ ဗိုလ်ခြေတစ်သိန်းသော်လည်း တစ်ယောက်နှင့်ခံနိုင်သူ” ဟု ယူဆသောကြောင့် အသာတကြည် ဆွေးနွေးလိုသည်။ လမ်းတွင် သူတို့နှစ်ဦးရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းဖြင့်ပစ်၍ ဦးအောင်ဇေယျလည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ရစ်ပတ်ဆွဲငင်ရာ ဦးအောင်ဇေယျနှင့်တကွ မြင်းပါ လဲသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကိုဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညိုက လှံနှင့်ပစ်လေသည်။ ထိုလှံကို ဦးအောင်ဇေယျက ဓားနှင့်ကာသဖြင့် လှံချက်လွဲသည်။ ထိုအချိန်တွင် ဦးချစ်ညို၏ညီ မောင်ချစ်မြက အစ်ကိုဖြစ်သူကို ကူညီရန်အတွက် ဝင်ရောက်လာသည်။ ထိုအခါ ထန်းပင်ထက်မှ ထန်းတက်သမားက ”ယောကျာင်္းချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည်ကို အဘယ်ကြောင့် ကူရသနည်း” ဟုဆိုကာ ထန်းပင်ထက်မှဆင်း၍ မောက်ချစ်မြကို လည်ပင်းညှစ်လေသည်။
ဤတွင် မောင်ချစ်မြက ”ကယ်ပါ” ဟုအော်ရာ ဦးချစ်ညိုသည် ဦးအောင်ဇေယျကို လွှတ်ခဲ့၍ ညီဖြစ်သူနှင့်ထန်းသမားတို့ လုံးထွေးသတ်ပုတ်နေသော နေရာသို့ သွားလေသည်။ သို့မှ ထန်းသမားလည်း မောင်ချစ်မြကိုလွှတ်ကာ ပြေးသည်။ ဦးအောင်ဇေယျလည်း နှစ်ဦးနှင့်တစ်ဦး ဖြစ်နေ၍ မြင်းစီးကာ အပြင်းဆုတ်ခွာတော့သည်။ ခင်ဦးမြို့သို့ ဦးချစ်ညိုတို့ညီအစ်ကို ပြန်ရောက်သော် မိခင်က မေးလေသည်။ မိခင် – အောင်ခဲ့၏လော ဦးချစ်ညို – ကျွန်တော်နှင့် အောင်ဇေယျ အထွေးထွေးရှိနေစဉ် ညီချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်နေ၍ ကူညီရန်သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျက မြင်းစီး၍ ခွာလေသောကြောင့် မအောင်မြင်လေ။ မိခင် – (ထမီကိုခါလျှက်) ဟယ်.. သားမောင် မှားခဲ့ပြီ။ ဘုရင်လုပ်မည့်သူသည် ညီဟူ၍ အမှတ်ထားရသလော။ ညီဆိုသည်မှာ ဟောဒီက မိခင်ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။ဦးချစ်ညို – ညီက ကယ်ပါဟူသောကြောင့် ကျွန်တော်ကူမိသည်။ မိခင် – အခါရသော ယနေ့တွင်မှ အောင်ဇေယျကိုမရလျှင် နောင်အခါ သူနှင့်တစ်ကိုယ်ချင်း ရင်မဆိုင်နှင့်။ မနက်ဖြန် အင်းဝကိုသွား၍ မွန်တို့ထံဝင်လော့။သို့လျှင် ထိုနေ့မှစ၍ ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့ ရန်မီးပွားကာ ဦးချစ်ညိုသည် ဒပန်းတို့နှင့် ဆက်သွယ်မိခဲ့သည်။

ဦးချစ်ညိုနှင့် အဂ္ဂမဟာသေနာပတိဦးကောင်းတို့၏ တိုက်ပွဲ ”သေနတ်ဝန်ဆိုသူကို အမိဖမ်းပါ။ သူ့ကိုမိလျှင် မုဆိုးဖိုကို ငါတို့အလွယ်နှင့်ရမည်” အင်းဝကိုသိမ်းပိုက်ပြီးသော မွန်စစ်ဗိုလ်ချုပ်ဒလပန်းက အထက်ပါအတိုင်း သူ၏တပ်မှူးတပ်သားများကို မှာကြားသဖြင့် မြန်မာလူစွမ်းကောင်း ဦးကောင်းသည် မည်မျှစွမ်းပကားရှိသည်ကို လွယ်လွယ်နှင့် သိနိုင်သည်။ အလောင်းမင်းတရားက ပထမဆုံးပေးသော ဘွဲ့အမည်မှာ ”မင်းကျော်ပျံချီ” ဖြစ်လျှက် နောက်ပိုင်းတွင် ”အဂ္ဂမဟာသေနာပတိ”ဟူသော အမြင့်ဆုံးသော စစ်ရေးဘွဲ့ထူးကို ပေးအပ်ခြင်းခံရသူဖြစ်သည်။ မွန်-မြန်မာ တိုက်ပွဲအတွင်း သူ့ကိုပထမဆုံးတွေ့မြင်ရသည်မှာ အလောင်းမင်းတရားက ခင်ဦးစားဦးချစ်ညို မတရားယူဆောင်သွားသော ကျွဲနွားများကို မြင်းတပ်သား၂၀ဖြင့် သွားရောက်တိုက်ယူရန် တာဝန်ပေးချိန်ဖြစ်သည်။
သို့နှင့် မုဆိုးဖိုသားနှင့်ခင်ဦးသားတို့ ရင်ဆိုင်တွေ့ကြလေသော် ခင်ဦးစားဦးချစ်ညိုက ”ယောကျာင်္းကောင်းသော် ထွက်ခဲ့စေ။ စီးချင်းကစားမည်။ သေနတ်သမားများက ပွဲကြည့်နေကြ” ဟုဆိုလေသည်။ ထို့ကြောင့် မုဆိုးဖိုသားများဘက်မှ မင်းကျော်ဗညားဘွဲ့ခံ ဦးမြတ်ထွန်း ထွက်လာသည်။ ”ငမြတ်ထွန်းနှင့်ငါ တိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းမည်”။ တစ်ဖန် မင်းလှရွှေတောင်ဘွဲ့ခံ ဦးတွန် ထွက်လာသည်။ ”ငတွန်ငယ်.. ငါ့လက်စွမ်းကို စဥ့်ကိုင်မှာနေစဉ်ကပင် နင်သိရင်းဖြစ်သည်။ နင်နှင့်ငါ တိုက်ဘက်မတန်”။ ခင်ဦးစားဦးချစ်ညိုက ဦးတွန်ကိုလည်း တိုက်ဖက်မတန်ဟုဆိုကာ ”ငကောင်း ထွက်ခဲ့” ဟုဆိုလေသောကြောင့် မင်းကျော်ပျံချီဘွဲ့ခံ ဦးကောင်းထွက်လာလေရာ ”သည်တစ်ခါသော် ယောကျာင်္းကောင်းချင်း တွေ့ကြရပြီ။ အမောင်တို့တစ်စု ပွဲကြည့်ကာသာနေ” ဆိုကာ ဦးချစ်ညိုသည် မြင်းကို သူရဲကောင်းတို့စီးဟန်ဖြင့် အမျိုးမျိုး ကစားပြသည်။ မင်းကျော်ပျံချီက လှံကိုချိန်လျှက်သား ချက်ကောင်းကို စောင့်နေသည်။
ဦးချစ်ညိုက မင်းကျော်ပျံချီထံ လှံလျင်လွတ်လိုက်ရာ ဦးကောင်း၏လှံရိုးကိုထိ၍ စီးသည့်မြင်းကကို စွဲလေသည်။ သေနတ်လုလင်တို့က ဦးချစ်ညိုကို အသီးသီးချိန်ရွယ်ကြရာ ”နင်တို့ ဂတိမတည်ကြပါကလား” ဆိုကာ ပြန်သွားလေသည်။ ဦးချစ်ညိုပြဿနာကား ဦးအောင်ဇေယျအတွက် စနောင့်စနင်း ရှိလှသည်။ သူသည် မြန်မာအချင်းချင်း အရေးကြီးချိန်တွင် သွေးစည်းလိုသူမဟုတ်။ ရွာနီးချင်းဖြစ်ရာတွင် ကျောင်းတော်က ရန်စများကို မေ့ပစ်နိုင်သူမဟုတ်ချေ။ တစ်သက်လုံး ဂုဏ်တုဂုဏ်ပြိုင် နေလာခဲ့ပြီးနောက် ယခုအချိန်တွင် ဦးအောင်ဇေယျလက်အောက် ခိုဝင်ရမည်မှာ သူ့အတွက် မြိုမကျနိုင်သော အလုံးဖြစ်သည်။
ဦးချစ်ညိုထံ ဦးအောင်ဇေယျက စာလွှာပါးရာတွင် – ”မောင်ချစ်ညို.. အင်းဝပြည်ကြီး ပျက်ဆီးလျှင် ငါတို့မြန်မာ ရဟန်းရှင်လူ ပြည်သူအများ ဆင်းရဲခြင်းဖြင့် နစ်မွန်းလျှော့ပါးကြရှာမည်ကို ကယ်တင်တော်မူလို၍ မင်းမျိုးမင်းနွယ်လည်း ဖြစ်သည်နှင့်အညီ မြန်မာ့ဦးစွန်း တည်ထွန်းစိုက်ဆောင်မည် ကြံရွယ်တော်မူသည့်အတိုင်း ချီတက်လာသမျှသော မွန်စစ်သည်တို့ကို အကြိမ်ကြိမ် လုပ်ကြံအောင်မြင်တော်မူသည်။ မင်းသည် ကျော်စောသော မြန်မာသူရဲကောင်းဖြစ်ပါလျှက် ယောကျာင်္းမပီ၊ မွန်တို့ထံ ကျွန်ခံသည်။ ငါ့ထံသို့ဝင်၍ အမှုတော်ထမ်းလျှင် သားမယား ဆွေမျိုးနှင့်တကွ သူကောင်းပြုတော်မူမည်” ဟု ပါရှိသည်။ ဦးချစ်ညိုက ထိုစာကိုဖတ်ကာ – ” ငါက သူ့ထံဝင်စားသော်လည်း ရှေးမဆွက ရန်စရန်ငုတ်ရှိသည်ဖြစ်၍ အသက်အန္တရာယ်မလွတ်တန်ရာ။ ပရိယာယ်သာ ဖြစ်ဖို့များသည်” ဟုဆိုကာ ”မြန်မာအချင်းချင်း မရှစ်ခိုးလို။ မွန်တို့ကိုသာ ရှစ်ခိုးတော့မည်” ဟု ခပ်တိုတိုပြန်ကြားလေသည်။
ထို့နောက် ဦးအောင်ဇေယျကိုယ်တိုင် ခင်ဦးမြို့သို့ ချီတက်ဝန်းရံခဲ့သည်။ ဦးချစ်ညိုက မြင်းစီးထွက်လာရာ လက်ဖြောင့်သော သူရိန်ဒေဝက သေနတ်ဖြင့်ပစ်ရာ မြင်းကိုထိမှန်၍ လဲလေသည်။ ဦးချစ်ညိုက လဲသောမြင်းကိုထားခဲ့ပြီး တပ်တွင်းဝင်ကာ နောက်ထပ်မြင်းတစ်စီးဖြင့် ထွက်လာပြန်သည်။ သေနတ်တပ်များကိုရှောင်၍ မြင်းတပ်သို့ အတင်းတိုးဝင်သည်။ ဦးချစ်ညိုကြိမ်းဝါးသည်ကား – ”နင်လည်း အောင်ဇေယျ၊ ငါလည်း ချစ်ညို။ ခံနိုင်အောင်ခံ”။ ဦးအောင်ဇေယျက ပြန်ဟစ်သည်မှာ ”နင့်ကိုသာ ငါရှာသည်။ နင်လည်း ချစ်ညို၊ ငါလည်း အောင်ဇေယျ။ နင်ယောကျာင်္းကောင်းဆို ထွက်ခဲ့”။ ဦးအောင်ဇေယျ ကြံ့ကြံ့ခံနေရာသို့ ဦးချစ်ညိုရောက်လာပြီး ခေတ္တမျှအမ်းနေပြီးမှ မြင်းဦးလှည့်ကာ ဆုတ်ခွာလေသည်။
ဦးချစ်ညိုက အင်းဝမြို့ရှိ မွန်တို့ထံ စစ်သည်၃၀၀၀အကူတောင်းကာ ခုခံသည်။ သို့သော် စည်သာမင်းကြီးဦးစည်းစိမ်က မြို့ကိုဖောက်ထွင်း၍ တိုက်နိုင်ရာ ခင်ဦးမြို့ကျလေသည်။ ဦးချစ်ညိုလည်း မဟာမြိုင်ကျွန်းတောကြီးအတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။ အလောင်းမင်းတရား မင်းကျော်ပျံချီဦးကောင်းအား လက်နက်ကိုင်၂၀၀၀ပေး၍ လိုက်လံတိုက်ခိုက်စေသည်။ ကျွန်းတောတပ်ပျက်လေသော် ဦးချစ်ညိုသည် မွန်ဗိုလ်မှူးရာဇာဓိရာဇ်ရှိရာ မင်းကင်းမြို့သို့ ပြေးလေသည်။ ”ချစ်ညိုကို လက်ရ ဖမ်းဆီးရမည်”ဟု အမိန့်တော် ထပ်မံရောက်လာသဖြင့် ဦးချစ်ညိုပြေးရာသို့ မင်းကျော်ပျံချီဦးကောင်းက ကောက်ကောက်ပါအောင် လိုက်သည်။
မွန်ဗိုလ်မှူးရာဇာဓိရာဇ်သည် ဦးအောင်ဇေယျထံ လက်နက်ချလို၍ ”ငါတို့ဆရာ တောင်ငူရာဇာလည်း မရှိတော့ပြီ။ ဦးအောင်ဇေယျ ဘုန်းတန်ခိုး လက်ရုံးရည်သည်လည်း ဒီရေပမာ တက်နေသည်။ အမှီရှာမှသင့်မည်”ဟု ဦးချစ်ညိုနှင့် တိုင်ပင်သည်။ ဦးချစ်ညိုက ”ကျွန်တော် မုဆိုးဖိုမင်း၏သစ္စာကို မခံလို။ ဗိုလ်မင်းသာ ခံပါလေ” ဟုဆိုကာ မွန်ဥပရာဇာတပ်သို့ ဝင်လေသည်။ သို့သော် မွန်စစ်ဗိုလ်ဒလပန်းက မသင်္ကာသဖြင့် ဦးချစ်ညိုကို ဖမ်းဆီးကာ ဆုံတွင်ထည့်၍ ထောင်းသတ်လိုက်လေရာ ခင်ဦးစားဦးချစ်ညိုဇာတ် တစ်ခန်းရပ်သွားလေသည်။ မင်းကျော်ပျံချီဦးကောင်းမှာလည်း အလောင်းမင်းတရား မှာတော်မူသည့်အတိုင်း ဦးချစ်ညိုကို အရှင်လတ်လတ်ဖမ်း၍ မဆက်သနိုင် ဖြစ်ခဲ့ရလေသည်။
Related Posts Plugin for WordPress, Blogger...