ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 31 July 2012

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့
အကြောင်းသိကောင်းစရာ
=====================
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ခရစ်နှစ်၂၀၁၂ခုနှစ် ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ခဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ စပ်ဆိုထားကြသည်

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။


Thursday 5 July 2012

အမတ်ကြီး ဦးပေါ်ဦး၏ စကားပဒေသာများ

…ပျော်တော်ဝန် ပညာရှိ အမတ်ကြီး ဦးပေါ်ဦး၏ စကားအရာမှာ ကြွယ်ဝလိမ်မာစွာ

ပြောတတ်ဆိုတတ်ပုံများကို စံထားနည်းယူ နမူနာထားရမည့် လက်ရွေးစင်ဟာသလေးများကို

ကမ္ဘာသစ်သူငယ်ချင်း စာပေချစ်သူများအားလုံးအတွက် မျှဝေပေး လိုက်ပါတယ်…

*** ၀က်သားအမိသားအဖ…

“ …ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး

ပျော်တော်ဆက် စမ်းပါဦးဟယ် ”

…တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း

ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ

ဖြစ်ပေတယ်။

…(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို

အိမ်နိမ့်စံလို့ ခေါ်တယ်)။

…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…

“ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ

ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ

တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။

“ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး

ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ

နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …

“ ဟဲ့…..ဟဲ့…..မောင်မင်း၊ ဘာပြုလို့ သူတစ်ပါး အသက်ကို မညှာမတာ လုပ်ရသတုန်း…”

ဆီးမေးတဲ့အခါ အဲဒီလူက…

“ ကျွန်တော်မျိုးရဲ့ စိုက်ခင်း ပျိုးခင်းတွေကို ဒီဝက်တွေ မကြာခဏ

လာလာဖျက်ဆီးတာ များပြီဘုရား၊ ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ အခုလိုလုပ်မိတာပါ

အမတ်ကြီးရယ်လို့ ဖြေပါတယ်ဘုရား…”

“ အေးကွယ်၊ သနားပါတယ်ကွယ်၊ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်ပါ…”

“ ကျွန်တော်မျိုး ဖျောင်းဖျ၊ နားချလို့ ခြံသမား ပြန်လှည့်အသွားမှာ

ဝက်ကလေးတစ်ကောင်က စကားပြောတယ် ဘုရား…”

…ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀က်က စကားပြောတယ်ဆိုတဲ့အတွက်

စိတ်ဝင်စားဖွယ်ပါပဲ။

“ ၀က်ကလေး ပြောပုံက ဒီလိုပါဘုရား၊ ကျွန်တော်တို့ သားအမိသားအဖငါးယောက်ဟာ

ဘဘကြီးသာ မကယ်ရင် သေပြီဗျာလို့ ပြောပါတယ်ဘုရား…”

…ဒီအခါ မိဘုရားကြီးက ကြားဖြတ်ပြီး ၀င်မေးပြီလေ။

“ ဟဲ့…နေပါဦး၊ နင်ပြောတာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယားလို့

ဆိုတယ်မဟုတ်လား၊ လေးကောင်ပေါ့”

“ မှန်ပါ မယ်ဖုရား၊ ၀က်ကလေးကတော့ အဲဒီအတိုင်းပဲ ပြောပါတယ်ဖုရား…”

…မိဖုရားကြီးခမျာ ယောင်လည်လည်ဖြစ်သွားပြီးမှ ဓားနဲ့ ပိုင်းလိုက်တုန်းက

ထက်ပိုင်းပြတ်သွားလို့များ ငါးကောင်လို့ ပြောရော့ သလားဟဲ့လို့ မေးတော်မူတယ်။

“ ကျွန်တော်မျိုး ဟန့်တားလိုက်တဲ့အတွက် ဘယ်ဝက်ကလေးကိုမျှ ဓားချက်မထိပါဘုရား…”

“ ဟယ်…နင့်စကား နားထွေးရပါဘိ၊ ရှင်းရှင်း တင်စမ်းပါဟယ်”

…ဒါပေမယ့် ဦးပေါ်ဦးကတော့ ဝေ့လည်ချောင်ပတ် လုပ်နေဆဲပါပဲ။

“ မှန်လှပါ၊ ၀က်ကလေးကတော့ ကျွန်တော်တို့ သားအမိငါးကောင်လို့ ပြောထားတာ

အမှန်ပါဘုရား…”

“ ဒါဖြင့် နင့်မျက်စိနဲ့ကော ဘယ်လောက်မြင်သတုန်း”

“ လေးကောင်ပဲ ဖြစ်ပါတယ် ဘုရား…”

“ ဟယ်…ပေါ်ဦးရယ်၊ နင့်စကား ရှုပ်လှပါဘိ၊ ဘယ်လိုအကြောင်းကြောင့်

ဝက်လေးကောင်က ငါးကောင်ဖြစ်သွားရတာလဲ”

“ အဲဒါမှာတော့ မယ်ဖုရားကိုယ်တော်တိုင် စဉ်းစားကြည့်တော်မူပါဘုရား…”

…မိဖုရားကြီး စဉ်းစားကြည့်တော်မူရပြီလေ။ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့

မရတဲ့အတွက်…

“ နင့်ပဟေဠိကို နင်ပဲ ဖြေစမ်းပါဟယ်” ဆိုပြီး ပန်းပေးတော်မူ လိုက်ရတယ်။

ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီလိုက်တယ်။

“ မှန်ပါ၊ ကျွန်တော်မျိုးမြင်တာ လေးကောင် အမှန်ဖြစ်သလို ၀က်ကလေးက

ငါးကောင်လို့ပြောတာလည်း အမှန်ပါပဲဘုရာ့၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့

ဝက်ကလေးဟာ ကျောင်းမနေရသေးတော့ ဘယ်မှာ ဂဏန်းသင်္ချာတတ်ပါ့မလဲ

ဘုရား၊ တစ် နှစ် သုံး လေး မှန်အောင် မရေတတ်လို့ ဒီလိုဖြစ်တာပါဘုရား…”

…မင်းတရားကြီးက နားထောင်နေရာက ရယ်တယ်။

“ ပေါ်ဦးတို့ လုပ်လိုက်မှဖြင့် ငါတောင် မျက်စိလည်သွားသဟ၊ ခွေးမသားရ”

“ မှန်လှပါ၊ မယ်ဘုရားကို ပျော်တော် ဆက်တာပါဘုရား…”

…ဦးပေါ်ဦးရဲ့ အလျှောက်အထား ဒီစကားကို ကြားရတော့မှပဲ

မိဖုရားကြီးခမျာ ပြုံးတော်မူနိုင်တော့တာကိုး…..။


*** လနှင့် ဠကြီး…

“ ဟဲ့…ပေါ်ဦး၊ တောင်ငါးလုံးပိတ်ဖုံးကာခို ရာဇဂြိုလ် ရွှေပြည်ကြီးလို့ အများသူငါ

ခေါ်ဝေါ်သမုတ်ကြတဲ့ မင်းနေပြည်ကြီးကို ကာရံပတ်ခြုံနေတဲ့ တောင်ငါးလုံးအနက်

နောက်ဆုံးတောင်ကို ဂိစ္စကုဋ်တောင်လို့ခေါ်တာဟာ တောင်ကိုက လင်းတနဲ့တူလို့လား၊

သို့မဟုတ် တောင်ထိပ်မှာ လင်းတတွေနေလို့လား မောင်မင်း ”

“ မှန်လှပါ၊ တောင်ငါးလုံးရဲ့အမည်တွေကတော့ ပဏ္ဍာ၊ ဝေဘူလ၊ ဝေဘာလ၊

ဣသီဂီလ၊ ဂိစ္စကုဋ်တို့ ဖြစ်ကြောင်းပါ ဘုရား…”

“ အနို့…ဂိစ္စကုဋ် ခေါ်ရခြင်းကကောကွယ်”

“ တောင်ရဲ့ အထွတ်မှာ လင်းတတွေ ကျက်စားပါသဖြင့် ပါဠိဝေါဟာရအားဖြင့်

ဂစ္စခေါ်ခြင်း ဖြစ်ကြောင်းပါဘုရား…”

“ အေးကွယ်၊ သို့သော်လည်း ကိုယ်တော့်စိတ်ထဲ မရှင်းတာရှိနေတယ်၊ လင်းတ

အခေါ်အဝေါ်မှာ တစ်ချို့က လကလေးနဲ့ လင်းတ ရေးကြပြီး တစ်ချို့ကလည်း

ဠကြီးနဲ့ ဠင်းတရေးကြတယ် မောင်မင်း၊ ၀ိဝါဒ မကွဲဘူး မောင်မင်း”

“ မှန်လှပါ၊ ဘုန်းတော်ကြောင့်…”

…ဦးပေါ်ဦးက လက်အုပ်ချီပြီး ပါးစပ်ပြင်ရုံရှိသေးတယ်။ ဘာတစ်လုံးမှ

မတင်ရသေးခင် နောက်အမေးက ဆင့်လာတယ်။

“ ဘောက်မဲ့ကြောင့် ရေးသားရသတုန်း မောင်မင်း၊ ခွဲထားရှိသလားဟဲ့”

…ခွဲထားဆိုတာ ကျွတ်ကျွတ်ဆူနဲ့ ကြက်သတ္တ၀ါ၊ ကြန်အင်လက္ခဏာ အကြံအစည်နဲ့

အကျန်အကြွင်းမှာ ကျွက်နဲ့ ကြွက်၊ ကြန်နဲ့ ကြံတို့ဟာ အသံထွက်တူပြီး အဓိပ္ပါယ်

မတူတာကို ခေါ်တာပဲ။ အဲဒါဟာ ခွဲထားပဲ။ အဲဒါလိုဟာမျိုး မှန်သမျှဟာ ခွဲထားပေါ့။

“ ခွဲထား မရှိကြောင်းပါဘုရား…”

…မင်းတရားကြီး မကျေလည်သေးပါ။ အမေးတော်က ထပ်ဆင့်လာပြန်ချေသေးရဲ့။

“ ခွဲထား မရှိဘဲနဲ့ ဠ ကြီးနဲ့ ရေးတဲ့အကြောင်း ကိုယ်တော်သိချင်တယ် မောင်မင်း”

…အတော်ခွကျသည့် အမေးတော်ဖြစ်တယ်။ အတူခစားနေသော အခြားအမတ်တွေလည်း

ဦးပေါ်ဦးကို လှမ်းကြည့်ကြတယ်။ အမတ်ကြီး ဘယ်လိုများ ဖြေမှာပါလိမ့်။

“ လ ကလေးနဲ့ ဠ ကြီးကို ဘယ်နေရာမှာ ဘာသုံးရမယ်ဆိုတဲ့ အဆိုအမိန့်များ၊

စာပေကျမ်းဂန်များမှာ မတွေ့ဖူးကြောင်းပါ ဘုရား။ သို့ရာတွင် ကျွန်တော်မျိုး၏

သဘောအရမူ ငှက်တကာတို့ထက် အကျည်းတန်တဲ့ ဠင်းတကို အက္ခရာတကာတို့ထက်

အရုပ်ဆိုးတဲ့ ဠ ကြီးနဲ့ ရေးမှသာ လိုက်ဖက်သင့်လျော်မည် ထင်မိကြောင်းပါဘုရား…”

…မင်းတရားကြီးမှာ ရွှေဘောတော်ကျသွားတယ်။ “ ဟုတ်ပေသားပဲ” ဆိုကာ ရယ်မောတယ်။

အမတ်တွေလည်း ခိုးခိုးခွိခွိ ဖြစ်ကုန်လေရဲ့…..။

*** ဦးပေါ်ဦးတော့ လုပ်လိုက်ပြန်ပြီ…

…ဘိုးတော်မင်းတရားမှာ ညီလာခံချိန်ကြာညောင်းလာတာနဲ့အမျှ

ပင်ပန်းငြီးငွေ့လာတယ်။ ညောင်းလည်းညောင်းလာတယ်။ ဒါပေမယ့်

အရေးတကြီး ဆွေးနွေးမေးမြန်းစရာတွေ ကုန်သလောက်ဖြစ်သွားတဲ့ အတွက်

တော်ပါသေးတယ်။

…မင်းတရားကြီးအနေနဲ့ အိမ်တော်ပါငယ်ကျွန်ကြီး ဦးပေါ်ဦးကို လှမ်းကြည့်လိုက်တော့

ဘာမှစိတ်မ၀င်စားဟန်နဲ့ ၀င်လျက်ခစားနေတာမြင်ရတယ်။ ဒါကြောင့် ရယ်စရာလေးများ

ကြားရလိုကြားရငြား လှမ်းပြီး ရွှေခွန်းတော်သလိုက်တယ်။

“ ခစားလျက်ရှိကြောင်းပါဘုရား ”

…လျင်မြန်စွာ ခါးဆန့် လက်ယှက်ပြီး တုန့်ပြန်တယ်။

“ အမိန့်ရှိတော်မူပါဘုရား ”

“ ငါတို့ နေထိုင်ရာ ဇမ္ဗူဒီပါလကျာ်တောင်ကျွန်းမှာ မဇ္စျိမဒေသလို့ရှိတယ်၊

မြတ်စွာဘုရားစဉ်ဆက် ပွင့်တော်မူရာဒေသပေါ့ ”

“ မှန်လှကြောင်းပါဘုရား ”

…ခေါင်းချင်းဆိုင်ပြီး နှစ်ယောက်တစ်ဝိုင်း၊ သုံးယောက်တစ်ဝိုင်း
တီးတိုးပြောဆိုနေသံများ

တိတ်သွားတယ်၊ ဘုရင်နဲ့ အမတ်အတိုင်အဖောက်ညီညီ မေးဖြေနေတာကို နားစွင့်နေကြတယ်။

…မေးသံ ဖြေသံက ဆက်လက်ထွက်ပျံနေဆဲပဲ။

“ မြတ်စွာဘုရားပွင့်တော်မူရာ အဲဒီ မဇ္ဈိမဒေသဟာ ဇမ္ဗူဒီပါရဲ့
အလယ်ဗဟိုတည့်တည့်မို့

မဇ္ဈိမခေါ်တယ် ဆိုတာ ဟုတ်သလား မောင်မင်း ”

“ မဟုတ်ကြောင်းပါဘုရား ”

“ အင်း…ဘာကြောင့်မဟုတ်သလဲဆိုတာ တင်ဦးဟဲ့… ”

…အမတ်တွေရဲ့ မျက်လုံးတွေဟာ ဦးပေါ်ဦးထံကို စုပြုံကျရောက်နေကြပြီလေ။

“ မှန်ပါ၊ ဘုန်းတော်ကြောင့် ဇမ္ဗူဒီပါလကျာ်တောင်ကျွန်းရဲ့ အလယ်တည့်တည့်

တကယ့်ဗဟိုချက်မဟာ အခုအ၇ှင် ဘ၀၇ှင်မင်းတရားကြီး စံမြန်းတော်မူတဲ့

နန်းတော်သာလျှင်ဖြစ်ကြောင်းပါ ဘုရား ”

“ ဒီကောင်က မဟုတ်က ဟုတ်ကတွေ တင်နေပြန်ပြီ… ” လို့ သာ

ဆိုလိုက်ပေမယ့် ဒီစကားကို မင်းတရားကြီး ရွှေဘောတော် ကျနေပါတယ်။

“ အမှန်ဖြစ်ကြောင်း ဘုရာ့ကျွန်ဝန်ငပေါ်ဦး အခိုင်အမာ ဆိုနိုင်ပါတယ် ဘုရား ”

“ ယုံစရာ မ၇ှိပေဘူး မောင်မင်း ”

“ အရှင်မင်းကြီး ယုံတော်မမူရင် တိုင်းတာ ကြည့်တော်မူပါ ဘုရား… ”

…မဖြစ်နိုင်တဲ့ကိစ္စကို မင်နဲ့မောင်းနဲ့ လျှောက်တင်တဲ့အတွက် မင်းတရားကြီးနဲ့တကွ

အမတ်တွေပါ ဟက်ဟက်ပက်ပက် ရယ်မောကြတော့တာပေါ့…..။

…သူငယ်ချင်းများအားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ…။
Related Posts Plugin for WordPress, Blogger...