ညီမလေးဖတ်ဖို့ (၁)
သို့
ညီမလေးရေ...
သိပ်မကြာတော့တဲ့အချိန်
အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း
ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ
တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း
ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ?
တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင်
အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု
ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို
ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က
ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့
ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊
တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ
မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။
ဒီတော့
တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ
သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊
အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ်
ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။
ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို
အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို
တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့
ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ
တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။
နောက်တစ်ခုကတော့
လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း
တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင်
တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား..
ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ
တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို
ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို
ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း
ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို
မဖြစ်စေချင်ပါဘူး ။
တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့
ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး
မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။
သူတို့အယူအဆကတော့
"
ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို
ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့
ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက်
ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။
ကိုယ်တော့
အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး
သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့
ကျင် လည်ရ ဦးမယ်လေ ။
"
လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ
အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "
အဲဒီအတွေးအမြင်တွေရပြီးကတည်းက
ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့
(သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့
ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ...
။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့
အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။
ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့
စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။
အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။
တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို
ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့
လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။
မေတ္တာဆိုတာ ကတော့ အချစ်နဲ့
ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ်
..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို
တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။
မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ
အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ
ပေါ့ကွယ် ။
ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင်
သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ
ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။
တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး
သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ
သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို
လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့
လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။
" ဒီမယ် မိန်းကလေး
ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့
မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ်
ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "
အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း
"
ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့်
ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး
အသက်ရှင်ခွင့်ရသွားမယ်လေ "
လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။
ဟုတ်ပါတယ်
ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး
တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။
ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့
နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း...
အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ
ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။
သက်တန့်ချို
No comments:
Post a Comment