မြို့ပျက်ညတွေပါ ညီမလေးရယ်
အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစုံတရာမှာ
ကြယ်အဖြူကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင်တစ်ဖက်စွန်းမှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပါ
ပန်းခင်းလမ်းတွေမဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့်တစုံတရာမှာ
ရှတတ အပြုံးတွေဘာလို့ ပျော်ဝင်နစ်မူးနေခဲ့ရသလဲ
ခါးတယ်ဆိုတာ ခံစားချက်သက်သက်ပါကွဲ့
အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ
အိပ်မက်တွေကို ရိုက်နင်းချိုးဖျက်သွားတယ်
ဒီလိုပါပဲကွယ် . . . ရေရေရာရာဆိုတာ ဘာဆိုဘာမှမရှိပါဘူး
သွားခဲ့မိတဲ့ ခရီးတစ်ခုဟာလည်း
အဆုံးလည်းမရှိ အစလည်းမရှိ အရာရာနတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ်မဟုတ်ဘူး
ကိုယ့်ရင်ဘတ်ကိုယ်ပဲ ပြန်ပြန်ငုံ့ကြည့်နေခဲ့မိတယ်
ခါးလိုက်တာ ညီမလေးရယ် . .
ငါက ပကတိအရှိတရားကိုမှ မြတ်နိုးတဲ့ကောင်ပါ
ဆောင်းနှင်းရဲ့ အေးစက်စက်နိုင်မှုကိုလည်း
တခုတ်တယ ရင်ခွင်ထဲထည့်ထားချင်နေခဲ့ရသူ
ဘာမှမထူးခြားဘူးဆိုရင်တောင်
ဒီတစ်ရက်တော့ ခတ္တာတို့ကို ဝေပါ
ပြဿဒါးမှာ ဖွားခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင်လို့ပဲမြင်ပါညီမလေးရယ်
ဖျော့တော့သော ရီဝေလင်းရှ ညနေခင်းအလွန်း
မြို့ပျက်ညတွေပါ ညီမလေးရယ်
ရင်ဘတ်ထဲက လရိပ်ညိုကလေးက ဘယ်တော့မှမလင်းဘူး
တသော့သော့ တမောမော့
အရာရာကပဲ ငါ့ကို ခဏခဏသတ်တယ်
မြို့ပျက်ညတွေပါ ညီမလေးရယ်
အချစ်ဆိုတာ အ၀ါရောင်သစ်သီးတစ်လုံးရဲ့
ချိုမြမွှေးရှတဲ့ ရီဝေယစ်မှုးတဲ့ ခံစားချက်တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။
သက်တန့်ချို............
No comments:
Post a Comment