တရားမြဲလော့
ကုသိုလ်ကံဟောင်း ၊ ခွင့်ပေးနှောင်းက
မကောင်းတရံ ၊ လောကဓံလျှောက်
ဆင်းရဲရောက်လည်း ၊ မဖောက်ပြန်ပဲ
တရားမြဲလော့…။
ထိန်းချုပ်ပါကွယ်
လောကဓံ ကြုံမြဲမို့ ၊
အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လှုပ်အောင်
ထိန်းချုပ်ပါကွယ်။
(တောင်မြို့ဆရာတော်)
ဘ၀တန်ဖိုး အရယူလော့
အတိတ်ကိုတွေး ၊ မဆွေးလေနဲ့
အတိတ်ဆိုတာ ၊ ပြန်မလာဘူး
အနာဂတ်မှန်း ၊ မလွမ်းလေနဲ့
အနာဂတ်ဆိုတာ ၊ မသေချာဘူး
ပစ္စုပ္ပုန်မှာ ၊ လုပ်သင့်ရာဝယ်
ပညာလုံးလ ၊ အသုံးချလျက်
ဘ၀တန်ဖိုး ၊ အားမန်ကိုး၍
မြတ်နိုးကြည်ဖြူ ၊ အရယူလော့…။
ရိုးဂုဏ်
ရွှေဂုဏ် ငွေဂုဏ် ၊ ရာထူးဂုဏ်ကား
ခွါယူလိုက ၊ ခွါ၍ရ။
ရိုးဂုဏ်ဖျောင့်ဂုဏ် ၊ ယဉ်ကျေးဂုဏ်ကား
ခွါ၍မရ ၊ ကွာမကျ။
(ဇော်ဂျီ)
ဆေး
စကားသစ္စာ
မှန်သောခါဝယ်
သြဇာလေးနက်
ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏။ ။
(ရှင်မဟာသီလ၀ံသ)
သစ္စာ
ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ
မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ ၊ တပိုဒ်တလေ
ပါငြားပေမူ ၊ စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ ၊ ငါမွန်အမြတ်
ငါ အတတ်ဟု ၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ
မလုပ်ပါတည်း။ ။
(တက္ကသိုလ် ဘုန်းနိုင်)
ဝိပါက်ဟူသည်
ဝိပါက်ဟူသည် ၊ ကြာမရှည်ခင်
ပြန်လည်တမျိုး ၊ မကောင်းကျိုးဖြင့်
နောက်ပိုးလိုက်တတ် ၊ သူ့ကိုဖျက်က
ကိုယ်ပျက်တတ်စွာ ၊ ဤလူ့ရွာဝယ်
ဓမ္မတာမျိုး ၊ မပနှိုးမူ
ခါးမျိုးချိုမျိုး ၊ စေ့စိုက်ပျိုးက
မခြားတူပြီး ၊ ခါးချိုသီးသို့
သားကြီးမင်းပျို ၊ မှတ်ပိုက်သိုလော့။
သူ့ကို သရမ်း ၊ မကြော့ကြမ်းနဲ့
လူ့နှမ်းကိစ္စ ၊ ကျိုးမလှဘူး။
နိယာမမျိုး ၊ ကောင်းအဆိုးတည်း
ပြစ်ကျိုးနှစ်ပါး ၊ ဖြစ်ထိုက်ငြားက
ဘုရားသော်မှ ၊ မလွတ်ရဘူး။
(မဃဒေ၀)
တုံ့မယူလို...
သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။
(အနန္တသူရိယ)
သင်သေသွားသော်
အော်…လူ့ပြည်လောက ၊ လူ့ဘ၀ကား
အိုရ နာရ ၊ သေရဦးမည်
မှန်ပေသည်တည့်….။
သို့ပြီတကား ၊ သင်…သွားသော်
သင်ဖွားသောမြေ ၊ သင်တို့မြေသည်
အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား ၊ စာ စကားလည်း
ကြီးပွါးတိုးမြင့် ၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ ၊ အမျှဝေရာ
စေတီသာနှင့် ၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း ၊
ပြောင်းလျက် ၀င်းလျက် ၊ တည်စေသတည်း။
(ဆရာ ဇော်ဂျီ)
မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ
ပင်လယ်ကို ၊ မျှားယူဖို့ ထွက်လာခဲ့ပြီးမှတော့
မြစ်တစင်းကို ထမ်းပြီး ၊ ငါ လှည့်မပြန်ချင်ဘူး
မြှားတစ်စင်းရဲ့ ရာဇ၀င်ကို
လေးညှို့ရှင် အသိဆုံးပါ။
အသေချာ ချိန်ရွယ်ပြီးမှ
ပစ်လွှတ်လိုက်တဲ့ မြှား
ပစ်မှတ်ထိမှ ဖြစ်မယ်။
မိုးတိမ်တွေလို အိမ်အပြန်
ကောင်းကင်ကို ၀တ်ရုံပြီး
ခြင်္သေ့တို့ရဲ့ ကပွဲမှာ
ပန်းပွင့်စည်းဝါးနဲ့
လမင်းကို တွဲပြီး
ငါ အတူ ကမယ်…။
ဘ၀ဆိုတာ
ဘ၀ဆိုတာ
အဟောင်းတွေကျန်
အသစ်တွေဖြစ်
အထစ်တွေ ရှိနေတဲ့
လောကအတွင်းမှာ
လက်ကျန်ဖြစ်နေတဲ့
မနက်ဖြန်များစွာအတွက်
ဆက်ရန်ရှိနေသေးသရွေ့တော့
ခက်ထန်တဲ့ လောကဓံလည်း ကြုံနိုင်သလို
တက်မှန်တဲ့ လှေလိုလဲပဲ ဖြစ်နိုင်ပါတယ်
ဘာပဲ ကြုံလာကြုံလာ
ယက်ကန် ယက်ကန် ဖြစ်မနေဖို့ပဲ လိုတာပါ။
နှမလက်လျှော့နေလေတော့
ဆိတ်ဆိတ်နေ ၊ ဆေဆေနိတ်
ဖြေဖြေဆိတ် ၊ သောကတွေ
ကျေကျေဖြိတ် ၊ ချောနှမရေ
ဒေါသတွေ ပြေတော့…။
သွင်မတူဘဲ ၊ နီးဖို့ကြံလျှင်
ပြီးဖို့ရန် ခက်ပါဘိနော့….။
တကျွန်းစီ ဝေးကွာနေ
တမြေစီ ခြားနေတော့
မဟေသီ တပါးမေကျော့
အားဖြေလျှော့ စံပါ…။
ရက်စက်တယ် ထင်မလွဲပါနဲ့
ရင်ထဲမှာတော့ ၊ မချိအောင်နာ…။
ဒုက္ခပြောတဲ့ ၊ သံသရာမှာ
ဖန်ခါခါ ၊ ဖမ်းမစားရအောင်
အလွမ်းများ ပွေ့ပိုက်လို့ရယ်
မေ့လိုက်စို့ကွယ်…။
မျိုးမြင့်မြတ် ၊ ညီမငယ်ရယ်
သာသနာဝယ် ၊ ပျှော်စမ်းချင်လို့လေး...။
လက်လျှော့တော့ ၊ နှမငယ်ငယ်
သံသရာဝယ် ၊ နစ်စမ်းချင်နဲ့လေး…….။
မောင်စံ (တောင်ငူ)
No comments:
Post a Comment