ကျွန်တော်ဘလော့ဂါလေးကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်ပါ၊...

Tuesday 29 May 2012

ဗန်းမော်ဆရာတော်၏ ဆုံးမစာ


ဗန်းမော်ဆရာတော် ဆုံးမစာ(မှတ်လောက်ဖွယ်၇ာ)
တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)

Monday 28 May 2012

တောင်ဖီလာဆရာတော် ရှင်ဥပါလိ ရေးစာမှတ်စု့များ။

ဖျက်စု (၂၀)
၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။

၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။

၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊

၎။ လက်စုံစား၊ မယားကောင်းလျက်၊ အမြှောင်ဖျက်သည်။

၅။ မောင်းသွင်းခူနင်း၊ ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြှောင်တောင်ဖျက်သည်။

၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ စီးပိုးဖျက်သည်။

၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။

၈။ က္ကုတ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။

၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်၊

၁၀။ ရဟန်းတရား၊ ကျင့်ပါများလျက်၊ အစားဖျက်သည်။

၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။

၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်။

၁၃။ တိုက်နှင့်ကျီကြ၊ ထုပ်လျောက်စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ်ဖျက်သည်။

၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။

၁၅။ ပဉ္စ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက်သည်။

၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။

၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငံဖျက်သည်။

၁၈။ ဆီမီးတန်ဆောင်၊ ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။

၁၉။ က္ကုတ္ထိယမူ၊ ရူမလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။

၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။
ခက်စု(၂၄)
၁။ တင်ပေးဖူးသည် ကျေးဇူးရှိလျက် အဆပ်ခက်။
  ၂။ မယားရှိလျက် အလှ ခက်။
  ၃။ ဧည့်သည်ညဉ့်နက် အဆိပ်ခတ်။
  ၄။ ပစ်ခွာလျက် အပြန် ခက်။
  ၅။လာခေါ်လျက် အနှင် ခက်။
  ၆။ ပေးပြီးပါလျက် အယူခက်။
  ၇။ ချောင်းရေလျံတက် အကူးခက်။
  ၈။ ရင်ဆိုင်တွေ့လျက် အပြေးခက်။
  ၉။ သံသာချိုလျက် စကားခက်။
၁၀။ ကြောက်လန့်ပြေးလျက် အဆင်းခက်။
၁၁။ ကန့်ကူးကျောက်ထွက် အရေးခက်။
၁၂။ ပျဉ်တံကောက်လျက် အသားခက်။
၁၃။ သန္ဓေပြည့်နှက် ဆေးကုခက်။
၁၄။ ခရီးညွှန်ဆက် အသွားခက်။
၁၅။ တံတားကျိုးပျက် အလျှောက်ခက်။
၁၆။ ရေအိမ်ပြိုလျက် အပြင်ခက်။
၁၇။ သားမြေးဆိုးလျက် အစွန့်ခက်။
၁၈။ ထွေးပြန်ပြီးလျက် အမျိုခက်။
၁၉။ မြက်သည်သုံးပါး မှန်ထားပြီးလျက် အသုံးခက်။
၂၀။ ဆူးငြောင့်တွင်းကျင်း ကျုံးသွင်းပြည့်နှက် အ၀င်ခက်။
၂၁။ အသားမည်းနက် အဆင်ခက်။
၂၂။ ဆိုးသည်သတင်း သားချင်းရှိလျက် အပြောခက်။
၂၃။ ပက်ပယ်လှေဖျက် အတိုက်ခက်။
၂၄။ ကွဲပြားအယူ နားကင်းထူ သုံးလူရှင်လျက် အဟောခက်။
မမြဲစု (၆)
၁။ ရူပလက္ခဏာ၊ ကိုယ်ခန္ဓာ၊ များစွာဖောက်လှဲ၊ တည်မမြဲ။
၂။ လောကီဥစ္စာ၊ ရတနာကို၊ များစွာသိမ်းဆည်း၊ နေမမြဲ။
၃။ ပုထုဇဉ်လူ၊ မောဟထူကို၊ အယူစွပ်စွဲ၊ မှတ်မမြဲ။
၎။ သူမြတ်တို့အား၊ ချစ်သနား၍၊ မြီစားမြှောက်ကဲ၊ ရာမမြဲ။
၅။ သစ်ကိုင်းခက်ပြိုင်၊ ကမ်းမနိုင်၊ ပြိုယိုင်ရေထဲ၊ တည်မမြဲ။
၆။ ငါတကားဟု၊ ကြိမ်းဝါးမောင်းမဲ၊ မှတ်မမြဲ။
ခဲစု(၁၀)
လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ။
ရလှည့်ပါလည်း၊ အင်္ဂါပြည့်ဝ၊ ပုရိသဟု၊ မုချမလွဲ၊ ရမည်ခဲ။
ပုရိသစစ်၊ ဖြစ်လင့်ကစား၊ မြတ်တရားကို၊ တိုးပွားနှိုက်နှဲ၊ သိမည်ခဲ။
သိငြားသော်လည်း၊ ပျက်ချော်မလွဲ၊ တော်မည်ခဲ။
တော်ငြားပါလည်း၊ ရှေ့နောက်စိတ်ထဲ၊ တတ်မည်ခဲ။
ဂတိလေးပါး၊ ထိုတရားကို၊ စွန့်စားရှောင်လွဲ၊ ကျင့်မည်ခဲ။
မိစ္ဆာယူမှား၊ အပါယ်လားသော်၊ တရားမစွဲ၊ ကျွတ်မည်ခဲ။
အရှင်မင်းက၊ မှူးမတ်စသည်၊ ပြည်မလူများ၊ မတရားက၊ တိုင်းကားပြည်ထဲ၊ စည်မည်ခဲ။
ဝေဘူတောင်ဖျား၊ ပတ္တမြားကို၊ စွန့်ထားညွန်ပေါ်၊ နှစ်တုံသော်လည်း၊ တေဇော်ညွန်ထဲ၊ နစ်မည်ခဲ။
၁၀ ပညာလွန်ကျူး၊ ဂုဏ်အထူးနှင့် ကျေးဇူးရှိမူ၊ ထိုသသူအား၊ ခေါင်းပါးဆင်းရဲ၊ ရှိမည်ခဲ။
တောင်ဖီလာဆရာတော် ရှင်ဥပါလိ
(မြန်မာ ၉၄၀ - ၁၀၁၃)

အားလုံးလေ့လာမှတ်သားနိုင်ကြပါစေ..
ဆန္ဒမွန်ဖြင့်

Saturday 5 May 2012

အမှတ် တရစာစု့များ။

တရားမြဲလော့

ကုသိုလ်ကံဟောင်း ၊ ခွင့်ပေးနှောင်းက မကောင်းတရံ ၊ လောကဓံလျှောက် ဆင်းရဲရောက်လည်း ၊ မဖောက်ပြန်ပဲ တရားမြဲလော့…။

ထိန်းချုပ်ပါကွယ်

လောကဓံ ကြုံမြဲမို့ ၊ အမျိုးမျိုးတွေ့ရမယ်။ စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ်။ (တောင်မြို့ဆရာတော်)

ဘ၀တန်ဖိုး အရယူလော့

အတိတ်ကိုတွေး ၊ မဆွေးလေနဲ့ အတိတ်ဆိုတာ ၊ ပြန်မလာဘူး အနာဂတ်မှန်း ၊ မလွမ်းလေနဲ့ အနာဂတ်ဆိုတာ ၊ မသေချာဘူး ပစ္စုပ္ပုန်မှာ ၊ လုပ်သင့်ရာဝယ် ပညာလုံးလ ၊ အသုံးချလျက် ဘ၀တန်ဖိုး ၊ အားမန်ကိုး၍ မြတ်နိုးကြည်ဖြူ ၊ အရယူလော့…။

ရိုးဂုဏ်

ရွှေဂုဏ် ငွေဂုဏ် ၊ ရာထူးဂုဏ်ကား ခွါယူလိုက ၊ ခွါ၍ရ။ ရိုးဂုဏ်ဖျောင့်ဂုဏ် ၊ ယဉ်ကျေးဂုဏ်ကား ခွါ၍မရ ၊ ကွာမကျ။ (ဇော်ဂျီ)

ဆေး

စကားသစ္စာ မှန်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။ ။ (ရှင်မဟာသီလ၀ံသ)

သစ္စာ

ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ ၊ တပိုဒ်တလေ ပါငြားပေမူ ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ ၊ ငါမွန်အမြတ် ငါ အတတ်ဟု ၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ (တက္ကသိုလ် ဘုန်းနိုင်)

ဝိပါက်ဟူသည်

ဝိပါက်ဟူသည် ၊ ကြာမရှည်ခင် ပြန်လည်တမျိုး ၊ မကောင်းကျိုးဖြင့် နောက်ပိုးလိုက်တတ် ၊ သူ့ကိုဖျက်က ကိုယ်ပျက်တတ်စွာ ၊ ဤလူ့ရွာဝယ် ဓမ္မတာမျိုး ၊ မပနှိုးမူ ခါးမျိုးချိုမျိုး ၊ စေ့စိုက်ပျိုးက မခြားတူပြီး ၊ ခါးချိုသီးသို့ သားကြီးမင်းပျို ၊ မှတ်ပိုက်သိုလော့။ သူ့ကို သရမ်း ၊ မကြော့ကြမ်းနဲ့ လူ့နှမ်းကိစ္စ ၊ ကျိုးမလှဘူး။ နိယာမမျိုး ၊ ကောင်းအဆိုးတည်း ပြစ်ကျိုးနှစ်ပါး ၊ ဖြစ်ထိုက်ငြားက ဘုရားသော်မှ ၊ မလွတ်ရဘူး။ (မဃဒေ၀)

တုံ့မယူလို...

သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိမ် စည်းစိမ်မကွာ၊မင်းချမ်းသာကား သမုဒ္ဒရာ၊ရေမျက်နှာထက် ခဏတက်သည့်၊ရေပွက်ပမာ တစ်သက်လျာတည်း။ ကြင်နာသနား၊ငါ့အားမသတ် ယခုလွှတ်လည်း၊မလွတ်ကြမ္မာ လူတကာတို့၊ခန္ဓာခိုင်ကြည် အတည်မမြဲ၊ဖောက်လွဲတတ်သည် မချွတ်စသာ၊သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ် သံသာစက်၌၊ကြိုက်လတ်တုံမူ တုံ့မယူလို၊ကြည်ညိုစိတ်သန် အခင်မွန်ကို၊ချန်ဘိစင်စစ် အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။ (အနန္တသူရိယ)

သင်သေသွားသော်

အော်…လူ့ပြည်လောက ၊ လူ့ဘ၀ကား အိုရ နာရ ၊ သေရဦးမည် မှန်ပေသည်တည့်….။ သို့ပြီတကား ၊ သင်…သွားသော် သင်ဖွားသောမြေ ၊ သင်တို့မြေသည် အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်၏။ သင်၏အမျိုးသား ၊ စာ စကားလည်း ကြီးပွါးတိုးမြင့် ၊ ကျန်ကောင်းသင့်၏။ သင်ဦးချ၍ ၊ အမျှဝေရာ စေတီသာနှင့် ၊ သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ၊ ပြောင်းလျက် ၀င်းလျက် ၊ တည်စေသတည်း။ (ဆရာ ဇော်ဂျီ)

မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ

ပင်လယ်ကို ၊ မျှားယူဖို့ ထွက်လာခဲ့ပြီးမှတော့ မြစ်တစင်းကို ထမ်းပြီး ၊ ငါ လှည့်မပြန်ချင်ဘူး မြှားတစ်စင်းရဲ့ ရာဇ၀င်ကို လေးညှို့ရှင် အသိဆုံးပါ။ အသေချာ ချိန်ရွယ်ပြီးမှ ပစ်လွှတ်လိုက်တဲ့ မြှား ပစ်မှတ်ထိမှ ဖြစ်မယ်။ မိုးတိမ်တွေလို အိမ်အပြန် ကောင်းကင်ကို ၀တ်ရုံပြီး ခြင်္သေ့တို့ရဲ့ ကပွဲမှာ ပန်းပွင့်စည်းဝါးနဲ့ လမင်းကို တွဲပြီး ငါ အတူ ကမယ်…။

ဘ၀ဆိုတာ

ဘ၀ဆိုတာ အဟောင်းတွေကျန် အသစ်တွေဖြစ် အထစ်တွေ ရှိနေတဲ့ လောကအတွင်းမှာ လက်ကျန်ဖြစ်နေတဲ့ မနက်ဖြန်များစွာအတွက် ဆက်ရန်ရှိနေသေးသရွေ့တော့ ခက်ထန်တဲ့ လောကဓံလည်း ကြုံနိုင်သလို တက်မှန်တဲ့ လှေလိုလဲပဲ ဖြစ်နိုင်ပါတယ် ဘာပဲ ကြုံလာကြုံလာ ယက်ကန် ယက်ကန် ဖြစ်မနေဖို့ပဲ လိုတာပါ။

နှမလက်လျှော့နေလေတော့

ဆိတ်ဆိတ်နေ ၊ ဆေဆေနိတ် ဖြေဖြေဆိတ် ၊ သောကတွေ ကျေကျေဖြိတ် ၊ ချောနှမရေ ဒေါသတွေ ပြေတော့…။ သွင်မတူဘဲ ၊ နီးဖို့ကြံလျှင် ပြီးဖို့ရန် ခက်ပါဘိနော့….။ တကျွန်းစီ ဝေးကွာနေ တမြေစီ ခြားနေတော့ မဟေသီ တပါးမေကျော့ အားဖြေလျှော့ စံပါ…။ ရက်စက်တယ် ထင်မလွဲပါနဲ့ ရင်ထဲမှာတော့ ၊ မချိအောင်နာ…။ ဒုက္ခပြောတဲ့ ၊ သံသရာမှာ ဖန်ခါခါ ၊ ဖမ်းမစားရအောင် အလွမ်းများ ပွေ့ပိုက်လို့ရယ် မေ့လိုက်စို့ကွယ်…။ မျိုးမြင့်မြတ် ၊ ညီမငယ်ရယ် သာသနာဝယ် ၊ ပျှော်စမ်းချင်လို့လေး...။ လက်လျှော့တော့ ၊ နှမငယ်ငယ် သံသရာဝယ် ၊ နစ်စမ်းချင်နဲ့လေး…….။ မောင်စံ (တောင်ငူ)

အလှကိုယ်စီ

ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့် မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အဆွယ်နှင့် စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့် မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့် စမ်းချောင်းတွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့် မည်သည့်အရာ မဆိုသာတည့် သူ့မှာကိုယ့်မှာ အလှသာတည့်။ သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏ အလှပန်းတို့ မငြင်ငြိုနှင့် ၀န်တိုမှုသာ မလှရာ၏ သူ့ဂုဏ် သူ့သိန် သူ့အရှိန်နှင့် အချိန်အခါ နေရာဒေသ ဌာနအလျောက် အရေးရောက်သည် စွမ်းနိုင်လောက်သူ ချည်းပါတကား။
Related Posts Plugin for WordPress, Blogger...